ဗုံးခြိမ်းခြောက်မှု

August 18, 2018

ဗုံးခြိမ်းခြောက်မှုကြောင့် လေကြောင်းလိုင်း ၉ ခု ရပ်နားခဲ့ရ၊ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီး

ချီလီ၊ ပီရူးနဲ့ အာဂျင်တီးနားနိုင်ငံတွေက လေကြောင်းလိုင်း ၉ ခုကို ပျံသန်းမှု ရပ်နားခဲ့ရတဲ့ အထိဖြစ်စေခဲ့တဲ့ ဗုံးခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး မသင်္ကာသူ အမျိုးသား ၂ ဦးကို ချီလီအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ တဦးဟာ ချီလီနိုင်ငံသားဖြစ်ပြီး သူ့ကို နိုင်ငံမြောက်ပိုင်း အန်တိုဖာဂစတာမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာပါ။ အဲဒီအမျိုးသား ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ရဲက သတင်းမထုတ်ပြန်ထားပါဘူး။ ဆန်တီယာဂိုမြို့တရားရုံးမှာ သူ့ကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ခြိမ်းခြောက်မှုနဲ့ ကြားနာဖို့ရှိ တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ နောက် အမျိုးသားတဦးကတော့ အသက် ၃၃ နှစ်အရွယ် ဘောရစ်ချာကွန်ဖလောရက်စ် ဆိုသူဖြစ်ပြီး ဆန်တီယာဂိုလေဆိပ် လုံခြုံရေးကို ဖြတ်ချိန် သူ့အိတ်ထဲမှာ ဗုံးပါတယ်လို့ ပြောဆိုမှုကြောင့် လေဆိပ်မှာပဲ ထိန်းသိမ်းထားတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒီအမျိုးသား နှစ်ယောက်ကြား ဆက်နွယ်တာမျိုးတော့ မတွေ့ရဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဗုံးခြိမ်းခြောက်ခံခဲ့ရတဲ့ လေကြောင်းလိုင်းတွေဟာ ဒေသတွင်း အဓိက ပျံသန်းနေတဲ့ လာတာ လေကြောင်းလိုင်းနဲ့ တန်ဖိုးနည်း ချီလီလေကြောင်းလိုင်း Sky တို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလေကြောင်းလိုင်းကလေယာဉ်တွေဟာ လေယာဉ်ပျံသန်းမှုတွေ ရပ်ခဲ့လို့ သြဂုတ်လ ၁၆ ရက်မှာ ရာနဲ့ချီတဲ့ ခရီးသည်တွေ ခရီးမဆက်နိုင်ဖြစ်ခဲ့ ပါတယ်။
5 years Ago
Up