ဗုံးခွဲမှု

October 21, 2018

အာဖဂန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

အာဖဂန်လွှတ်တော်ရွေးကောက်ပွဲကျင်းပတဲ့ အောက်တိုဘာလ ၂ဝ ရက်နေ့ကမြို့တော် ကဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အရပ်သား ၁ဝ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၂၅ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ အကြီးတန်း လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့အချိန်ဟာ  မဲရုံတွေကို ပိတ်ထားရမယ့်အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် မဲမပေးရသေးတဲ့လူတွေ အများကြီး ကျန်ရှိနေတာမို့ မဲရုံတွေကို သတ်မှတ်ချိန်ထက် ကြာပြီး ဖွင့်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်တွေက တာလီဘန် စစ်သွေးကြွတွေဟာ အာဖဂန်ပြည်သူတွေကို ရွေးကောက်ပွဲမှာ မဲမပေးဖို့ ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး မဲရုံတွေ တိုက်ခိုက်ခံရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
3 years Ago

August 26, 2018

အာဖဂန်တွင် အသေခံဗုံးခွဲမှုကြောင့် ၃ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျလာလာဘတ်မြို့ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးအနီးမှာ သြဂုတ် ၂၅ ရက်နေ့က အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သံသယကြောင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးကို ရွေးကောက်ပွဲ ၀င်ရောက်ခွင့် တားမြစ်တဲ့အပေါ်မှာ လူတစုက ကော်မရှင်ရုံးရှေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ကော်မရှင်ရုံးကို ပိတ်ပစ်ဖို့ ကြိုးပမ်းနေစဉ်မှာပဲ အသေခံဗုံးခွဲမှု ဖြစ်ခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်တဦးက ဆိုပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဒါဇင်နဲ့ချီတဲ့ အာဏာရှင်ဆန်ဆန် ခေါင်းဆောင်တွေနဲ့ ဥပဒေပြု အမတ်တွေကို ရွေးကောက်ပွဲဝင်ရောက်ခွင့် တားမြစ်တာကြောင့် အထွေထွေ ရွေးကောက်ပွဲအပေါ် ခြိမ်းခြောက်တာတွေနဲ့ ဆန္ဒပြတာတွေ ဖြစ်ပေါ်လာတာလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up