ဗုံးခွဲ

June 16, 2019

ဆိုမာလီတွင် အစ္စလာမ္မစ်သူပုန်များက ဗုံး ၂ လုံး ဖောက်ခွဲ၊ ၈ ဦး သေဆုံး

ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးမှာ အစ္စလာမစ် သူပုန်တွေက ဗုံး ၂ လုံးကို ဇွန်လ ၁၅ ရက်က ဖောက်ခွဲခဲ့ပါတယ်။ K4 လမ်းဆုံမှာ ပထမ ကားဗုံး ပေါက်ကွဲခဲ့ပြီး အသေအပျောက် မရှိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။ ဒုတိယ ပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေပြီး ၁၆ ဦး ဒဏ်ရာ ရတယ်လို့ လူနာတင်ယာဉ်ဌာနက ပြောပါတယ်။ ဒီဖောက်ခွဲမှု ၂ ရပ်လုံးကို သူတို့လုပ်တာလို့ အယ်လ်ရှာဘတ် သူပုန်တွေက အခိုင်အမာ ပြောပါတယ်။ စနေနေ့က သီးခြားဖြစ်ရပ်အတွင်း ဆိုမာလီနဲ့ ကင်ညာ ၂ နိုင်ငံ နယ်စပ်နားမှာ ကားတစီး ကင်းလှည့်နေတုန်း လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် ကားပေါ်ပါသူ ရဲအရာရှိ ၁၁ ယောက်ထဲက လူအတော်များများ သေဆုံးတယ်လို့ ကင်ညာရဲဌာန ပြောခွင့်ရက ပြောပါတယ်။ ဆိုမာလီ အစ္စလာမ္မစ် သူပုန်တွေက သူတို့ တိုက်ခိုက်တာလို့ ပြောပါတယ်။ ကင်ညာ အရံ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကိုလည်း ဆိုမာလီနဲ့ ကင်ညာနယ်စပ်က ဝါဂျီယာ ခရိုင်ထဲမှာ ဇွန်လ ၁၄ ရက်က ပြန်ပေးဆွဲခဲ့ပါတယ်။ ကင်ညာစစ်တပ်ဟာ ၂၀၁၁ ကတည်းက ၂ နိုင်ငံ နယ်စပ်တလျှောက်က ဆိုမာလီ တောင်ပိုင်းဒေသကို သိမ်းပိုက်ထားပါတယ်။ ဆိုမာလီ ပြည်သူ့စစ်တွေနဲ့ မဟာမိတ် ကင်ညာတွေဟာ အယ်လ်ရှာဘတ်တွေ သိမ်းထားတဲ့ နယ်မြေကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေပါတယ်။ အယ်လ်ရှာဘတ်တွေဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မဟာမိတ်တွေ ကျောထောက်နောက်ခံ ပေးထားတဲ့ ဆိုမာလီအစိုးရကို တိုက်ခိုက်ပြီး တင်းကြပ်တဲ့ အစ္စလာမ္မစ် ဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
3 years Ago

February 17, 2019

နိုင်ဂျီးရီးယားတွင် အသေခံဗုံးခွဲ၊ ၈ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက မိုင်ဒူဂူရီမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ အစောပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွလို့ သံသယရှိသူတွေက အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပါတယ်။ ရဲဌာနချုပ်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို မိုင်ဒူဂူရီ မြို့ထဲမှာ တာဝန်ချပြီးပါပြီ။ ဒီမြို့ဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စစ်သွေးကြွတွေရဲ့ အနောက်အာဖရိက စစ်တိုင်း ဖြစ်ခဲ့ဖူးသလို ဘိုကိုဟာရမ် စစ်သွေးကြွတွေနဲ့ သူတို့ရဲ့ အစွယ်အပွားတွေဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ ဘော်နိုပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်။ အသေခံဗုံးခွဲသမားက ဝတ်စုံကို ဖောက်ခွဲခဲ့တာကြောင့် ပူးတွဲတပ်ဖွဲ့ဝင်တယောက် အပါအဝင် လူ ၈ ဦး သေဆုံးတယ်လို့ ဘိုကိုဟာရမ်တွေကို တိုက်နေတဲ့ ပြည်သူ့စစ်အုပ်စုရဲ့ ညှိနှိုင်းရေးမှူးက ပြောပါတယ်။ မဲမပေးခင် နာရီပိုင်းအလိုမှာမှ သမ္မတ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းကြောင်း နိုင်ဂျီးရီးယား ရွေးကောက်ပွဲကော်မရှင်က ကြေညာအပြီး ခုလို တိုက်ခိုက်ခဲ့တာပါ။ သယ်ယူပို့ဆောင်ရေး ပြဿနာတွေကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို စနေနေ့မှာ ကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။ အဲဒီနောက် တည်တည်ငြိမ်ငြိမ်ရှိကြဖို့ နိုင်ဂျီးရီးယားသမ္မတနဲ့ အတိုက်အခံ ခေါင်းဆောင် ကိုယ်စားလှယ်တွေက လူထုကို တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ကျင်းပဖို့ ရွှေ့ဆိုင်းထားပါတယ်။
3 years Ago
More News
Up