ဗုံးကြဲ

May 9, 2019

သူပုန် ခြေကုပ်ယူထားသည့် နောက်ဆုံးလက်ကျန်ဒေသကို ဆီးရီးယားစစ်တပ် ထိုးစစ်ဆင် (ရုပ်သံ)

ဆီးရီးယားစစ်တပ်ဟာ သူပုန်တွေ ခြေကုပ်ယူထားတဲ့ နောက်ဆုံးလက်ကျန်ဒေသကို ထိုးစစ်ဆင်နေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က မေလ ၇ ရက်နေ့မှာ ပြောပါတယ်။ ဟားမားနဲ့ အီဒလစ်ဒေသမှာ ဆီးရီးယားအစိုးရ ရဟတ်ယာဉ်တွေဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုပ်သံဖိုင်တခု လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အီဒလစ်ဒေသမှာ ပဋိပက္ခတွေ မြင့်တက်လာနေပြီး အဲဒီအခြေအနေဟာ ၂၀၁၈ စက်တင်ဘာလကတည်းက ဆီးရီးယားအစိုးရ ထိုးစစ်ဆင်မှု ရပ်ဆိုင်းထားတဲ့ ရုရှား-တူရကီ သဘောတူညီချက်ကို ပိုတင်းမာလာစေပါတယ်။ ဧပြီ ၃၀ ရက်နေ့ကတည်းက အီဒလစ်နဲ့ ဟားမားဒေသမှာ ဆီးရီးယားအစိုးရရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ယောက် အပါအဝင် အရပ်သား ၆၉ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေအတွင်း သူပုန် ၄၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ ရုရှားအစိုးရ လာရောက်ပူးပေါင်းတဲ့ ၂၀၁၅ ကတည်းက ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတော်တော်များများကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အီဒလစ်ဒေသမှာ လူဦးရေ ၃ သန်းကျော် နေထိုင်နေကြတာကြောင့် တိုက်ပွဲ ပြင်းထန်လာရင် အဲဒီဒေသမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခု ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
2 years Ago

March 15, 2019

ဟားမတ်စ်စခန်းများကို အစ္စရေး ဗုံးကြဲတိုက်ခိုက်

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပါလက်စတိုင်းနယ်မြေကနေ ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်ပြီးနောက် မတ် ၁၅ ရက်နေ့က အစ္စရေးစစ်ဘက်ဟာ ဟားမတ်စ်စခန်းတွေကို ဗုံးကြဲခဲ့ပါတယ်။ အဆောက်အဦ ၄ ခုကို ထိမှန်တဲ့ အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ စာရင်းကိုတော့ မသိရသေးပါဘူး။ အဲဒီအဆောက်အဦက လူတွေကို ကြိုတင်သတိပေးချက်နဲ့ ဘေးလွတ်ရာ ပြောင်းခဲ့တာပါ။ အစ္စရေးစစ်ဘက်ကတော့ ဂါဇာဒေသက အကြမ်းဖက်အဖွဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။ နောက်ထပ် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနိုင်တာကြောင့် ဂါဇာနယ်စပ်အနီး အစ္စရေး နယ်မြေတွေမှာ ဒုံးကျည် သတိပေးဥသြ ဆွဲတာတွေ လုပ်ခဲ့ပါတယ်။ မတ်လ ၁၄ ရက်ညက အစ္စရေးနိုင်ငံ မြောက်ပိုင်း တဲလ်အဗစ်မြို့မှာ ဒုံးကျည်သတိပေးချက် ဥသြဆွဲခဲ့ပါတယ်။ တဲလ်အဗစ်မြို့ ဒုံးကျည်တိုက်ခိုက်တာကို ဟားမတ်စ်အဖွဲ့က သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
2 years Ago
More News
Up