ဗုံး၂လုံးပေါက်ကွဲ

September 17, 2021

တောင်တွင်းကြီးက စစ်​ကောင်စီတပ်စွဲထားသည့်နေရာတွင် ဗုံး ၂ လုံး​ပေါက်ကွဲ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ မြောက်ဘက်အထွက် အသောကဘုန်းကြီးကျောင်းအနီး တောင်တွင်းကြီး-မြို့သစ် ကားလမ်းကိုပိတ်ပြီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၁၆ ရက်နေ့ညက ဗုံး ၂ လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရမယ့်ပုံပဲဗျ။ ပထမအကြိမ် ဗုံးကွဲတဲ့အသံကြားပြီး သိပ်မကြာဘူး လူနာတင်ကားတွေရောက်လာပြီး ထိတဲ့ကောင်တွေကိုတင်သွားတယ်။ ဆေးရုံပို့တယ်နဲ့တူတယ်။ နောက်တလုံးကွဲတော့လည်း ထိမှာပါပဲ” လို့ ပြောပါတယ်။

အဆိုပါစစ်ကောင်စီ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၁၆ ရက်နေ့ည ၁၁ နာရီဝန်းကျင်နဲ့ ၁၂ နာရီဝန်းကျင်တွေမှာ ဗုံး ၂ လုံးရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲခဲ့တာပါ။

ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က “ဟုတ်ပါတယ်။ ကျုပ်တို့ရဲ့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေက ဗုံးခွဲတိုက်ခိုက်လိုက်တာပါ။ အသေးစိတ်ကို နောက်မှထုတ်ပြန်လိမ့်မယ်။ စစ်ကောင်စီရဲ့ နလပိန်းတုန်းကောင်တွေကလေ ပြည်သူကိုနှိပ်စက်ရတာ သာယာနေတဲ့ပုံပေါ်နေတယ်။ ဘာမှမဆိုင်တဲ့ ပြည်သူတွေကို နှိပ်စက်နေတာတွေ ရပ်တန်းကရပ်တော့လို့ ထပ်ပြီးသတိပေးလိုက်တယ်'' လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး မကွေးတိုင်းအတွင်းက တောင်တွင်းကြီးမြို့နယ်တခုတည်းကို စက်တင်ဘာ ၁၄ ရက်နေ့က အင်တာနက်ဖြတ်တောက်ထားပြီး ဒေသခံကျေးရွာနေ ပြည်သူအချို့ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်နှိပ်စက်တာ ခံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

1 month Ago
Up