ဗုံးပေါက်ကွဲ

July 23, 2019

ဆိုမာလီ လေဆိပ်အနီးရှိ ဟိုတယ်တခု အပြင်ဘက်တွင် ဗုံးပေါက်ကွဲ၊ ၁၇ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူး အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးက ဟိုတယ်တခု အပြင်ဘက်မှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူ ၁၇ ယောက်ထက်မနည်း သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၂ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့လည်း လူနာတွေကို လက်ခံကုသပေးနေတဲ့ မာဒီနာဆေးရုံရဲ့ ညွှန်မှူး မိုဟမ်မဒ် ယူဆွဖ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အယ်လ်ကိုင်းဒါး စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်တဲ့ အယ်လ်ရှာဘတ် အစ္စလာမ္မစ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ အယ်လ်ရှာဘတ်အဖွဲ့ဟာ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ဆိုမာလီယာအစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတာပါ။ မိုဂါဒစ်ရှူးလေဆိပ်ကိုသွားတဲ့ လမ်းမပေါ်မှာရှိတဲ့ ပထမဆုံး စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဈေးဆိုင်ပိုင်ရှင်တယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဆိုမာလီယာနိုင်ငံဟာ စစ်အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ ၁၉၉၁ ခုနှစ်ကတည်းက လူမျိုးစု စစ်ခေါင်းဆောင်တွေကြား အာဏာလုပွဲကြောင့် ပြည်တွင်းစစ်မီးဒဏ် ခံစားခဲ့ရပါတယ်။
2 years Ago

June 21, 2019

အာဖဂန်တွင် ဗုံးတလုံးပေါက်ကွဲ၊ ၁ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက် ဂျလာလာဘတ်မြို့မှာ ဇွန်လ ၂၀ ရက်နေ့က လမ်းဘေးမှာထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲမှုကြောင့် အရပ်သား တယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရတယ်လို့ နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေး ပြောခွင့်ရ အရာရှိတဦးက ပြောပါတယ်။ အဲဒီ လမ်းဘေးဗုံးဟာ အာဖဂန်အစိုးရ လိုလားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ ကားတစီးကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ တာဝန်ယူ ပြောကြားတာ မရှိသေးပါဘူး။ ဒါပေမယ့် အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဟာ မကြာသေးခင် နှစ်တွေက ဂျလာလာဘတ်မြို့က အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဂျလာလာဘတ်မြို့မှာပဲ ရဲကားတစီး အသေခံဗုံးခွဲ တိုက်ခိုက်ခံရတာကြောင့် အရပ်သားတွေ အပါအဝင် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် တာဘီလန် စစ်သွေးကြွအဖွဲ့ကလည်း အာဖဂန်နိုင်ငံတလွှား ပုန်ကန်တိုက်ခိုက်တာတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။
2 years Ago
More News
Up