ဗုံးပေါက်

January 14, 2022

မုံရွာတွင် ဗုံးပေါက်မှုကြောင့် လမ်းဖွင့်ပွဲ အခမ်းအနားပျက်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီအရာရှိတွေ တက်ရောက်ဖွင့်လှစ်တဲ့ လမ်းဖွင့်ပွဲအခမ်းအနားနှစ်ခု ဗုန်းပေါက်ကွဲသံကြောင့် ဖွင့်ပွဲအစီစဉ် ပျက်သွားခဲ့ပါတယ်။

ဖွင့်ပွဲဟာ ‌မုံရွာမြို့ မြဝတီရပ်ကွက်မှာရှိတဲ့ အောင်သပြေလမ်းနဲ့ သံလ္လာရပ်ကွက်မှာရှိတဲ့ ပေ ၈၀ လမ်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖဲကြိုးဖြတ်မကျင်းပခင်လေးမှာ ဗုန်းပေါက်ကွဲသံကြောင့် အခမ်းအနား အစီစဉ်ပျက်သွားခဲ့တာလို့ သိရပါတယ်။

“သူတို့ ဖွင့်ပွဲတောင် ပြီးအောင်မလုပ်လိုက်ရဘူး၊ အဲ့ဒီ အောင်သပြေလမ်းအနားမှာ ဗုန်းကထပေါက်တာ။ သူတို့ အရာရှိတွေလည်း ကားပေါ်ပြန်တက်ပြေးရတယ်ဆိုရမှာပဲဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ဝရုန်းသုန်းကားဖြစ်ကုန်ကြတာ။ ဓာတ်တိုင်တစ်ခုလည်း ပျက်စီးသွားတယ်။ ဖွင့်ပွဲမလုပ်ခင်ကလည်း လမ်းတလျှောက် လုံခြုံရေးကင်းပုန်းတွေ အများကြီးချထားတာတွေရှိတယ်” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖွင့်ပွဲပြုလုပ်တဲ့ လမ်းနှစ်ခုဟာ ယခင်အစိုးရလက်ထက်ကတည်းက လမ်းခင်းပြီးစီးခဲ့တာဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖွင့်ပွဲပြုလုပ်တာဖြစ်ပါတယ်။

မုံရွာမြို့မှာတော့ မြို့ခံပြည်သူတွေအနေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို သွားတာတာမပြုလုပ်ကြဖို့နဲ့ အနီးကပ်မနေကြဖို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

3 days Ago

January 8, 2022

အရှေ့ဒဂုံ အမှိုက်ပုံအနီး ဗုံးပေါက်ကွဲပြီး ကလေး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊  အမှတ် ၁၃ ရပ်ကွက် ကျန်စစ်သားလမ်းမပေါ်က အမှိုက်ပုံမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့မနက်  ဗုံးပေါက်ကွဲပြီး  အနီးက ကလေး တယောက် ဗုံးစမှန် သေဆုံးခဲ့ကာ  တယောက် ဒဏ်ရာ ပြင်းထန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီမနက် ၈ နာရီလောက်ကအမှိုက်ပုံမှာ  ဗုံးပေါက်တာ။ အသံအတော်ကျယ်တယ်။ အမှိုက်ပုံမှာ အမှိုက်ရှာနေတဲ့ ကလေး ၁ ယောက်က သေသွားတယ်။ ၁၀ နှစ်အရွယ်လေးတွေ သေတာ။ တစ်ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရ သွားတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။

ရန်ကုန်မှာ ဒီမနက်ပိုင်းက ၁၃ လမ်း ၊ လမ်းမတော်မြို့နယ် ရဲစခန်းမှာလည်း ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

လမ်းမတော်မြို့နယ် ရဲစခန်းဗုံးဖောက်ခွဲမှုကို DARK  SHADOW  အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဖွဲ့သားတွေ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အလားတူ စမ်းချောင်းမြို့ ကျွန်းတောလမ်းနားမှာလည်း  မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မကြားရသေးဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့မှာ နေရာ အတော်များများ ဗုံးပေါက်ကွဲမှုတွေ ရက်ဆက် ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်ကလည်း  ပိတ်ဆို့စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

1 week Ago
More News
Up