မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်၊ ၃၆ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားရှိ ဒဟတ္တောဘုရားဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်း ဩဂုတ် ၁၀ ရက် မနက် ၈ နာရီကျော်က ဗုံးနဲ့ပစ်ခတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီကင်းစခန်းကို အမည်မသိ အမျိုးသားနှစ်ဦးက လက်လုပ်ဗုံးနဲ့ပစ်ပေါက်ရာ သဲအိပ်ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက “အဲ့ဒီဘုရားဝင်းထဲမှာ တပ်စွဲထားတာကြာပြီ။ တချို့ ဘုရားလာဖူးတဲ့သူတွေဆို မောင်းထုတ်ခံရတယ်တဲ့။ မနက်က ဗုံးနဲ့ပစ်ခံရတာ ရဲတယောက်ကတော့ အခြေအနေစိုးတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ကင်းတာဝန်ကျ တပ်ကြပ်ကြီး ဇော်ကွန်းမှာ မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်သား ကျော်ထူးလွင်မှာ စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ နေအိမ်ကို ဇွန် ၁၉ ရက်က ဗုံးနဲ့ထပ်မံ ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆူးကုန်းရပ်ကွက်ရှိ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အိမ်တံခါးရှိ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးယူထားတဲ့ ကင်းဂိတ်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)က ဇွန်လ ၁၉ ရက် ဒီမနက် ၆ နာရီ ၄၅ မိနစ်အချိန်မှာ ဗုံးပစ် တိုက်ခိုက်ခဲ့ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ကျောက်ဆည်ဒေသခံတစ်ဦးက "ထိခိုက်ကျဆုံးမှုက အခုထိတော့ မသိရသေးဘူး။ ဂိတ်ပေါက်မှာ စောင့်နေတဲ့နေရာတွေကို သူတို့ ဝင်ပစ်တာပေါ့နော်။ အဲဒီလိုမျိုး ဝင်ပစ်တာပဲ၊ အဲဒီ အရင်နှစ်ခုလုံးမှာလည်း ထိခိုက်ကျဆုံးက တစ်ခုမှတော့ မရှိဘူး"
ဦးသန်းရွှေရဲ့ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ခံရတာ အခုတကြိမ်နဲ့ပါဆို သုံးကြိမ်ရှိပြီဖြစ်ပြီး အရင်နှစ်ကြိမ်မှာလည်း ထိခိုက်သေဆုံးတာ မရှိပါဘူး။
ကျောက်ဆည်မြို့ အဝင်မြောက်ဘက်၊ သီးကုန်းကျေးရွာအနီး ကားလမ်းမမှာတော့ ပြီးခဲ့တဲ့လတွေ ကတည်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ လုံခြုံရေးအပြည့်ချထားပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေနဲ့ မသင်္ကာတဲ့ဆိုင်ကယ်တွေကို ရပ်တန့်ခိုင်းပြီး စစ်ဆေးနေခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဂိတ်နားကနေ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေဟာ မောင်းနှင်ခြင်း မပြုရဘဲ ဆင်းတွန်းသွားရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။