အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မှာ သြဂုတ် ၆ ရက်နေ့ လူစည်ကားတဲ့ ဈေးလမ်းမှာ ဗုံးကွဲလို့ လူ ၈ ဦး ထက်မနည်း သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။
လူနည်းစု ရှီးယိုက်မွတ်ဆလင် အသိုက်အဝန်း ပုံမှန် တွေ့ဆုံရာ မြို့တော်အနောက်ဘက် ခရိုင် ဘတ်စ်ကား ဂိတ်တွေနားမှာ ဗုံးပေါက်ကွဲခဲ့တာပါ။
အစ္စလာမ်မစ်နိုင်ငံအမည်ခံ ဆွန်နီမွတ်စလင် စစ်သွေးကြွအဖွဲ့ IS က ဒီတိုက်ခိုက်မှု အတွက် တာဝန်ရှိတယ်လို့ သူ့ရဲ့ တယ်လီဂရမ် လိုင်းကနေ ပြောခဲ့ပါတယ်။
အိုးထဲမှာ ဝှက်ထားတဲ့ လမ်းဘေးဗုံး ပေါက်ကွဲမှု ရလဒ်လို့ တာလီဘန် ရဲတပ်ဖွဲ့ ခရိုင်မှူးက အခင်းဖြစ်ပွားရာနေရာမှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒဏ်ရာရသူတွေကို ကူညီဖို့နဲ့ အသေအပျောက် အကဲဖြတ်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ပေါက်ကွဲတဲ့ နေရာမှာ ရှိနေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။
မွန်ပြည်နယ် ရေးမြို့ ပေါ်ရပ်ကွက်မှာ ဇူလိုင် ၃၀ ရက် နေ့ ည ၇ နာရီခွဲလောက်ကင ဗုံး ၁ လုံး ပေါက်ကွဲခဲ့တာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
“လူတွေ သိပ်ပြီး အပြင်မထွက်ရဲကြဘူး၊ တမြို့လုံး နေအိမ်ထဲမှာနေကြတာ ဒီနေ့အထိပါပဲ။ အခုလူတွေ တိတ်ဆိတ်နေတဲ့အချိန် ဗုံးသံက မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို အသံက ပိုလွမ်းခြုံသွားတော့ စိုးရိမ်စိတ်တွေမှာ တနေ့တခြား ပိုပြီးများလာတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာကို အတိအကျ ဘယ်သူ့ကမှ မပြောနိုင်ပေမဲ့ ညက ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် ထိခိုက်ဒဏ်ရာရတာတွေလည်း မကြားရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရေးမြို့နယ်မှာ ဗုံးသံ သေနတ်သံတွေ ကြားလာနေရတာ နေ့စဉ်နီးပါးလောက် ဖြစ်လာနေခဲ့တော့ ဒေသခံအများစုမှာ အသွားအလာတွေမလုပ်ရဲကြဘူးလို့ ဆိုပါတယ်။
ဒေသဆိုင်ရာ PDF တွေကတော့ စစ်ကောင်စီရဲ့ လက်ပါးစေ မှန်သမျှကို စစ်ဆင်ရေး အရှိန်မြှင့်တင်သွားရန်ဖြစ်တာကြောင့် ပြည်သူများအသွားလာ သတိရှိကြရန် တိုက်တွန်းထား ပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရ အမိန့်ကို ဒီနေ့အထိ သတ်မှတ်ထားခဲ့သလို ညဘက်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးတွေ လှည့်ကင်း၊ ဝပ်ကင်းတွေ ဆောင်ရွက်နေတဲ့ ကြားက အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့ စည်းက ဖောက်ခွဲခဲ့တာဆို ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။