ဗုံးကြဲတိုက်ခိုက်

June 10, 2020

ဆီးရီးယား သူပုန်တပ်စွဲထားသည့် ရွာများကို ရုရှား စစ်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်က သူပုန်တွေ တပ်စွဲထားတဲ့ ရွာပေါင်းများစွာကို စစ်လေယာဉ်တွေက ဇွန် ၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ အကြီးစားတိုက်ပွဲတွေ ရပ်နားရေးအတွက် လွန်ခဲ့တဲ့ ၃ လက တူရကီနဲ့ ရုရှား ချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပေါက်တဲ့ ပထမဆုံး လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ အိဒလစ်ဘ်ပြည်နယ်တောင်ပိုင်းက ဂျဘယ်လ်အယ်လ်ဇာဝီယာဒေသတွင်း ရွာတွေနဲ့ ဟားမားပြည်နယ်အနောက်ပိုင်း ဆာဟယ်အယ်လ်ဂတ်ဘ်လွင်ပြင်က မြို့နှစ်မြို့ကို လေကြောင်းက တိုက်ခိုက်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆီးရီးယားအစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားစစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ လေကြောင်းကနေ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်လာမှာ စိုးရိမ်လို့ ရာနဲ့ချီတဲ့ အရပ်သားတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆာဟယ်အယ်လ်ဂတ်ဘ်လွင်ပြင်က စစ်တပ် အခြေစိုက်စခန်း ၂ ခုကို စစ်သွေးကြွတွေက တိုက်ခိုက် သိမ်းပိုက်ခဲ့လို့ သူတို့ကို ပြန်နှင်ထုတ်ခဲ့တာလို့ ဆီးရီးယားစစ်တပ် သတင်းရင်းမြစ်က အစိုးရ မီဒီယာကို ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို လေကြောင်းတိုက်ခိုက်မှုကိုမှ ရည်ညွှန်း ပြောဆိုတာ မရှိခဲ့ပါဘူး။ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ရုရှားက ကျောထောက်နောက်ခံ ပေးထားပြီး အတိုက်အခံ သူပုန်တွေကိုတော့ တူရကီက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား စစ်ပွဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို မတ်လက ကြားဝင်ဖျန်ဖြေပေးခဲ့လို့ တိုက်ပွဲတွေ ရပ်ခဲ့တာပါ။ ၃ လအတွင်း ဒေသတွင်းက ပြည်သူ ၁ သန်းလောက် တူရကီ နယ်စပ်ဒေသထဲကနေ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။
11 months Ago

March 26, 2020

မင်းပြားမြို့နယ် ရိုးမတောင်တန်းတဝိုက် တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကပ်ပဲပုလဲတောင်၊ ဇိုင်ချောင်း(ချင်းရွာ)အနားက ရိုးမ တောင်တန်း တွေကို မတ်လ ၂၅ ရက်မွန်းလွဲပိုင်းက မြန်မာတပ်မတော် ဂျက်တိုက်လေယာဉ်  နှစ်စီးနဲ့လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မျက်မြင်တွေကပြောပါတယ်။ ပုလဲတောင်ကျေးရွာက ရွာလူကြီးတဦးဖြစ်တဲ့ ဦးမောင်သောင်းစိန်က “နေ့လယ်ပိုင်း ၁ နာရီကျော်၊ ၂ နာရီလောက်က ကျနော်တို့ ရွာရဲ့တောင်တန်းတွေကိုလာပစ်တယ်။ ပြီးတော့ ဗုံးတွေကြဲတယ်။ ဆင်ဂုံး၊ စေတီစတဲ့နေရာတွေကို လာပစ်တာ။ သုံးခါတိတိလာပစ်တယ်။ ကျနော်ရွာနဲ့သိပ်မဝေးဘူး။ အကုန်မြင် နေရတယ်။ ဗုံးကြဲလို့ အခုတောင်တန်းတလျှောက် မီးလောင်နေတယ်။ အခုအချိန်အထိမီးလောင်နေတုန်းပဲ။  တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီအတိုင်းလာပြီးတော့ ပစ်ခတ်သွားတာ။”လို့ ပြောပါတယ်။ ဗုံးကြဲတဲ့နေရာတွေဟာ မင်းပြားမြို့နယ် ဇိုင်းချောင်းချင်းရွာ၊ ကုလားမတောင်းကျေးရွာနဲ့ ကပ်ပဲပုလေးတောင်ကျေးရွာသားတွေက ရိုးမတောင်တန်းတွေမှာသွားရောက် တောင်ယာလုပ်ကိုင်း စားသောက်လေ့ရှိတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ ဇိုင်းချောင်း(ချင်းရွာ)သားတဦးက” အခုပစ်ခတ်ခဲ့တဲ့ နေရာတွေဆိုရင် ဇိုင်းချောင်းက ချင်းလူမျိုးတွေနေထိုင်ကျေးရွာနဲ့ဆိုရင် နီးနီးလေးပဲ။  ကျနော်တို့၊ ပုလဲတောင် ဆိုရင် ဒီတောင်တွေကို မီခို တောင်ယာတွေလုပ်ကိုင်းစားသောက်နေကြတာဗျ။ ၁၀ မိနစ် လောက်ကြာတယ်။ ပစ်ခတ်တာ၊ အဲ့ဒီမှာဗုံးတွေလည်းကြဲတယ်။ မီးလောင်နေတာ အကုန်မြင်နေရာတော့ ထပ်မံပစ်မှာစိုးလို့ ဗုံးတွင်းမှာ မိသားစုတွေခေါ်ပြီးတော့ ၁ နာရီကျော်ကြာနေလိုက်ရတယ်။” လို့ပြောပါတယ်။ မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က”ကျနော်တို့ မင်းပြားမြို့နယ် အရှေ့ဘက်ပေါ့လေ။ ဖုံးသာချောင်းဘက်မှာတော့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဒါပေမယ့် ဖုံသာအုပ်စုမှာ ခွဆုံ ချင်းရွာမှာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ရွာရဲ့အပြင်ကို ကျတယ်။ ကျောက်မော်ကျေးရွာမှာ ဆိုရင်လက်နက်ကြီး နှစ်လုံးကျတယ်။” လို့ပြောပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် ရွာသားတွေ ထိခိုက်သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။  ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က  မင်းပြားမြို့နယ်၊ ကမ်းနီအမှတ်(၉) တပ်မတော် တိုင်းဗဟိုလေ့ကျင့်ရေးကျောင်းကို ရက္ခိုင့်တပ်တော်အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
1 year Ago
Up