ဗိုလ်ချုပ်မှူးကြီးပြော

April 28, 2018

ကိုယ့်ဆန္ဒအလျှောက် တပ်ထဲဝင်လာသဖြင့် စစ်မှုထမ်းသက်ပြည့် နေရမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

တပ်မတော်သားတွေဟာ မိမိသဘောဆန္ဒနဲ့ တပ်ထဲကို ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ စစ်မှုထမ်းသက်ပြည့်အောင် ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ပြင်ဦးလွင်တပ်နယ် တပ်မတော် လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းမှာ ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားတာပါ။ တပ်မတော် လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းက နည်းပြအရာရှိ၊ စစ်သည်တွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော် အရာရှိကြီးတွေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်က တပ်မတော် အရာရှိကြီးတွေ တက်ရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်သူမဆို သတ်မှတ်ချက်တွေနဲ့ အညီ တာဝန် ထမ်းဆောင် နိုင်ခွင့်ရှိကြောင်း၊ လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်ဖွဲ့က အရာရှိ၊ စစ်သည်တွေကို ပညာရှင်တွေ ဖြစ်အောင် တပ်မတော်က နှစ်ကာလတွေအများကြီး အချိန်ပေး လေ့ကျင့်ပေးထားရတာကြောင့် အသက်ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ပြီး တပ်မတော်ကို အကျိုးပြုစေလိုတယ်လို့ ပြောပါတယ်။ ပြီးတော့ အာဟာရပြည့်ဝတဲ့ ရိက္ခာတွေ ပြည့်ပြည့်ဝဝရဖို့ ဆောင်ရွက်ပေးထားပြီး မိသားစု သက်သာချောင်ချိရေးအတွက် တဖက်တလမ်းက အထောက်အကူပြုနိုင်တဲ့ တပ်ပိုင် စိုက်ပျိုး မွေးမြူရေး၊  တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုကြောင်း ပြောပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ဝင်ငွေနဲ့ထွက်ငွေကိုလည်း မျှတစွာသုံးစွဲဖို့လိုပြီး မိမိကိုယ်တိုင်နဲ့ မိသားစုကို ထိခိုက်နိုင်တဲ့ အရက်သေစာသောက်စားတာ၊ အပျော်အပါး လိုက်စားတာတွေကို ဆင်ခြင်တုံတရားနဲ့ ရှောင်ကျဉ်ဖို့ လိုတယ်လို့ ပြောပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေပြီး တာဝန်ထမ်းဆောင်ချိန်မှာ တပ်မတော်မှာ သုံးတဲ့ စစ်လက်နက်တွေ၊ ယန္တရားတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို စွမ်းအားပြည့် အသုံးပြုနိုင်ရမှာ ဖြစ်ပြီး စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်မှာ မိမိတို့အသုံးပြုတဲ့ စစ်လက်နက် ပစ္စည်းတွေ ချို့ယွင်းမှုတွေရှိရင် ဆုံးရှုံးမှုတွေ ဖြစ်နိုင်ကြောင်း၊ အဲဒီလို မဖြစ်စေဖို့ ပြုပြင် ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေရတဲ့ တပ်မတော်လျှပ်စစ်နဲ့ အင်ဂျင်နီယာ တပ်ဖွဲ့ဟာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါတယ်လို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ပြီးတော့ တပ်မတော်သားတွေ နေရေးအတွက်အဆင်ပြေစေဖို့အတွက် အဆောက်အဦတွေ ပြည့်ပြည့်စုံစုံ အောင်ဆောက်လုပ်ထားရှိပေးနေပြီး တပ်မတော်သားတွေ ပညာရည်မြင့်မားဖို့ စီမံချက်တွေ ချမှတ်ပြီး ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ မှီခိုသူ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရည်မြင့်မားရေးအတွက်လည်း တပ်မတော်က တဖက်တလမ်းက ထောက်ပံ့ပေးထားသလို မိမိတို့ကိုယ်တိုင်လည်း အသိပညာတွေ တိုးတက်စေဖို့ စာဖတ်ဖို့လိုတယ်လို မှာကြားခဲ့ပါတယ်။
3 years Ago

May 13, 2017

နာမည်ခံဒုက္ခသည်များနှင့် မလိုအပ်ဘဲ IDP စခန်းများ ဖွင့်ထားမှုရှိနေဟု ဗိုလ်ချုပ်မှူးကြီးပြော

မြန်မာနိုင်ငံတွင်း နာမည်ခံဒုက္ခသည်စခန်းဖွင့်လှစ်ထားမှုရှိနေပြီး ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အကာကွယ်ယူမှုတွေ၊ မလိုအပ်ဘဲ IDP စခန်းတွေ ဖွင့်လှစ်ထားမှုရှိနေတယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီဥက္ကဋ္ဌ Mr.Peter Maurer ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က နေပြည်တော် ဘုရင့်တောင်ရိပ်သာမှာ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာပါ။ “မိမိတို့ အတွေ့အကြုံအရ သောင်းကျန်းသူများ၏ မရိုးသားမှုများကိုတွေ့ရကြောင်း၊ ဒုက္ခသည် အမည်ခံ၍ စခန်းဖွင့်လှစ်ထားမှုများ၊ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူထားမှုများ၊ ၎င်းတို့အတွက် အကာအကွယ်ရရန် ဒုက္ခသည်များအား ပြန်လွှတ်နိုင်သော်လည်း အထောက်အပံ့ရရန်အတွက် မလိုအပ်ဘဲ IDP Camp များ ဖွင့်လှစ်ထားမှုများရှိပါကြောင်း၊ တစ်ဖက်တွင်လည်း တစ်ချို့ဒုက္ခသည်များသည် အကြောင်းအမျိုးမျိုးဖြင့် ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်လိုမှုများ ရှိနေသောကြောင့် IDP ကိစ္စရပ်များအား မှန်ကန်စွာချိန်ဆ၍ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း” ပြောဆိုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံး က သတင်းထုတ်ပြန်ထားပါတယ်။ IDP စခန်းတွေရှိနေတာဟာ  အဓိကမှာ ငြိမ်းချမ်းရေးရရှိဖို့ဖြစ်ပြီး  ငြိမ်းချမ်းရေးကို ရအောင်လုပ်ဆောင်နေကာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးခြင်းက အကောင်းဆုံးတယ်လို့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေနဲ့  လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေကို  သွားရောက် လုပ်ငန်းဆောင်ရွက်ရာမှာ ဒေသအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ လက်ခံမှုနှင့် လုံခြုံရေးအရ စိတ်ချရမှုရှိရန် လိုကြောင်းပြောဆိုခဲ့ပါတယ်။ “လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ သွားရောက် လုပ်ငန်းဆောင်ရွက်ရာတွင် ဒေသအာ ဏာပိုင်အဖွဲ့အစည်းများ၏ လက်ခံမှုနှင့် လုံခြုံရေးအရ စိတ်ချရမှုရှိရန် လိုကြောင်း၊ သောင်းကျန်းသူ အဖွဲ့များ၏ သဘောသဘာဝအရ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း အရှေ့မြောက်ဒေရှိ တိုက်ပွဲနယ်မြေသို့ ကြက်ခြေနီအလံလွှင့်၍ ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကြက်ခြေနီတပ်ခွဲမှုးတဦး သောင်းကျန်းသူပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ထောက်ခံပါက တပ်မတော် အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်အရေးနဲပတ်သက်ပြီးလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား ပြဿနာတွေ ဖြစ်ပွားနေတာကြောင့်  လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးခြင်းကို ကန့်ကွက်ဖို့မရှိပေမယ့် ထောက်ပံ့မှုအတွက် မှတ်တမ်းတွေ ပြုစုလုပ်ဆောင်ပေးဖို့ လုပ်အပ်ကြောင်းလည်း ပြောပါတယ်။
4 years Ago
Up