အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခုနဲ့ ကြေးတံဆိပ် ၉ ခု ရယူနိုင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို သြဂုတ် ၁ ရက်ကနေ ၅ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံ ဝင်ပြိုင်ခဲ့ကြတာပါ။
ပြိုင်ပွဲအမျိုးအစား ၄၀ ကျော် ထည့်သွင်းကျင်းပရာမှာ မြန်မာနိုင်ငံက ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးမှာ ကစားသမား ၈ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
ရွှေတံဆိပ် ၂ ခုကို အမျိုးသမီး ဓားမြှောင် ၂ လက် အပြပြိုင်ပွဲမှာ မခိုင်ဝါဖူးက တခု၊ အမျိုးသားလေးယောက်တွဲ အပြပြိုင်ပွဲမှာ မျိုးထွန်းအံ့၊ ချိုမနား၊ ချမ်းမြေ့အောင်နဲ့ ရဲဝင့်ထူး အတွဲက တခု ရယူနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲအပြီးမှာ မြန်မာနိုင်ငံက နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပြီး ဗီယက်နမ်နိုင်ငံက အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ပြိုင်ပွဲဝင်နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယား၊ ဂျပန်၊ အီရန် စတဲ့ အာရှနိုင်ငံတွေ ပါဝင်ခဲ့သလို ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ရုရှား စတဲ့ ဥရောပနိုင်ငံတွေနဲ့ အိုင်ဗရီကို့စ်၊ အယ်လ်ဂျီးရီးယား စတဲ့ အာဖရိကနိုင်ငံတွေလည်း လာရောက်ယှဉ်ပြိုင်ပါတယ်။
ဗီယက်နမ် လက်သိုင်းအားကစားတမျိုးဖြစ်တဲ့ ဗိုဗီနမ်အားကစားဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲတချို့မှာ ထည့်သွင်းကျင်းပခဲ့ပေမယ့် လာမယ့် မလေးရှားဆီးဂိမ်းမှာတော့ ပါဝင်ခြင်း မရှိပါဘူး။
သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်
5 years Ago