ဗုဒ္ဓရုပ်တု

September 26, 2017

ထိုင်းနိုင်ငံတွင် ဗုဒ္ဓရုပ်တုများဖြင့် ခြံတံတိုင်းခတ်သည့်နေအိမ် အရေးယူခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဟန်ဒုံးမြို့နယ်ထဲက နေအိမ်တလုံးမှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ရုပ်တုတွေနဲ့ ခြံတံတိုင်းခတ်ထားတဲ့အတွက် တိုင်တန်းအရေးယူခံခဲ့ရတယ်လို့ စနုတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဟန်ဒုန်းမြို့နယ် နမ့်ဖရဲ့အုပ်စု ဘန့်ဖဲ့ခွမ်ရပ်ကွက်ရှိ နေအိမ်တလုံးမှာ ဗုဒ္ဓဘာသာတို့ ကိုးကွယ်ရာ ဘုရားရှင်ရဲ့ ဦးခေါင်းပိုင်းသာပါရှိတဲ့ ရုပ်တုတွေကို အုတ်တံတိုင်းပေါ် အစီအရီတင်ထားတာ တွေ့ရကြောင်း၊ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားရာရောက်တဲ့အတွက် ဒေသခံတွေက မခံမရပ်နိုင်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် လာရောက်တိုင်ကြားခဲ့တယ်လို့ ဟန်ဒုံးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးအမှုထမ်းတဦးက သတင်းထောက်ကို ပြောပါတယ်။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေခံရဲစခန်း တာဝန်ရှိသူတွေဟာ အဲဒီနေအိမ်ကို စက်တင်ဘာ ၂၅ ရက်က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဲဒီခြံဝန်းဟာ အတော်အတန်ကျယ်ဝန်းပြီး အုတ်တံတိုင်း ပတ်ပတ်လည်မှာ ရွှေရောင်ဗုဒ္ဓ ဦးခေါင်းတော်ရုပ်တုတွေ အစီအရီစိုက်ထားပြီး အတွင်းက နေအိမ်မှာတော့ အပန်းဖြေ ဇိမ်ခံနေအိမ်လို တည်ဆောက်ထားကာ သူတို့ရောက်သွားတဲ့အချိန် အိမ်ပိုင်ရှင်တွေ ရှိမနေဘူးလို့ အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းက ဆက်ပြောပါတယ်။ ဘန့်ဖဲ့ခွမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်းဖိုင်းလင်းကတော့ အဲဒီအိမ်ရှင်ဟာ နိုင်ငံခြားသား တယောက်ဖြစ်ပြီး သူ့ရဲ့အမျိုးသမီးကတော့ ထိုင်းလူမျိုးဖြစ်ကြောင်း၊ စစ်ဆေးရေးအဖွဲ့တွေ ရောက်လာပြီးတဲ့နောက် အဲဒီဗုဒ္ဓရုပ်တုတွေအားလုံးကို နှစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ချင်းမိုင်ခရိုင် ဗုဒ္ဓဘာသာ သာသနာရေးရာဌာန ယာယီညွှန်ကြားရေးမှူး နန်းကစ်ဆုဒါးကလည်း ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ရုပ်တုကို အခုလို ပြုမူခြင်းဟာ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားရာကျပြီး သာသနာကို ညှိုးနွမ်းစေတဲ့အတွက် ဌာနဆိုင်ရာတွေကို တိုင်ကြားထားပြီးဖြစ်ကြောင်း၊ အိမ်ရှင်အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း ရုပ်တုတွေ ဖယ်ရှားမပေးရင် အုပ်ချုပ်ရေးပိုင်းအာဏာနဲ့ တာဝန်ရှိသူတွေကိုယ်တိုင် သွားရောက်ဖယ်ရှားမယ်လို့ ပြောပါတယ်။
4 years Ago
Up