ဗီလာ

December 29, 2020

ဗီလာကို သရေကျခဲ့သော်လည်း  ချဲလ်ဆီးကစားသမားများကို  နည်းပြလမ်းပတ် ချီးကျူး

မနေ့ညက အက်စတွန်ဗီလာအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကံတရားက ချဲလ်ဆီးအသင်း ဘက်မှာ ရှိမနေဘူးလို့  နည်းပြလမ်းပတ်က ညည်းတွားလိုက်ပါတယ်။  ဒီပွဲမတိုင်ခင် အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း လမ်းပတ်ဟာ သူ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့် မပျော်မရွှင်ဖြစ်ရတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ မနေ့ညက ဗီလာနဲ့ပွဲမှာ ချဲလ်ဆီးအတွက် ဂီရော့ဒ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမဲ့ ဒုတိယပိုင်းမှာ အယ်ဂါ ဇီကဗီလာအတွက်ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ အမှတ်လျော့ခဲ့ပြီး ဝက်စ်ဟမ်းတစ်သင်းထဲကိုသာ အနိုင်ရရှိထားပါတယ်။  ချဲလ်ဆီးဟာ အဲဗာတန်၊ ဝုဗ်နဲ့အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးနိမ့်မှုတွေမှာ ကစားသမား တွေဟာ လုံလောက်တဲ့ အားစိုက်ထုတ်မှု မရှိဘူးလို့လည်း လမ်းပတ်က အပြစ်တင်ခဲ့ပါတယ်။  ဒါပေမဲ့ ဗီလာနဲ့ပွဲမှာတော့ ချဲလ်ဆီးအသင်းဟာ အနိုင်ရရှိခဲ့ခြင်း မရှိတာတောင် အသင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ မြင်တွေ့နေရပြီလို့ လမ်းပတ်က ပြောပါတယ်။ “စွမ်းဆောင်ရည်ပိုင်းမှာ တိုးတက်မှုတွေရှိလာပါတယ်။ ဗီလာအသင်းကလည်း ကောင်းခဲ့တယ်ဆိုပေမဲ့ ပထမပိုင်းမှာ ကျနော့်အသင်း ကစားပုံက တော်တော်လေး ကောင်းခဲ့ပါတယ်။ ဒါ့ကြောင့်ဦးဆောင်ဂိုးကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်” လို့ လမ်းပတ်က ပြော ပါတယ်။  “ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ဖိအားပေးနိုင်ခဲ့ပေမယ့် အခြေအနေကိုမဖြိုခွဲနိုင်ခဲ့ပါဘူး။ ကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ အားထုတ်မှုတွေ ကောင်းမွန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အခွင့်အရေး တချို့နဲ့ ဂိုးရလုနီးပါးဖြစ်ခဲ့ပေမဲ့ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး။” လို့ လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၆ နေရာကို ရောက်ရှိနေပါတယ်။
4 months Ago

October 1, 2020

ချဲလ်ဆီးကွင်းလယ်လူ ဘာကလေ ဗီလာအသင်းကို အငှားဖြင့် ပြောင်းရွှေ့

ချဲလ်ဆီးကွင်းလယ်ကစားသမား ရော့စ်ဘာကလေဟာ အက်စတွန်ဗီလာအသင်းကို တစ်ရာသီအငှားနဲ့  ပြောင်းရွေ့သွားခဲ့ပါတယ်။  အင်္ဂလန်လက်ရွေးစင်ကစားသမား ဘာကလေဟာ နိုင်ငံအသင်းအတွက် ၃၃ ပွဲက စားပေးထားသူဖြစ်ပါတယ်။  သူဟာ ၂၀၁၈ ဇန်နဝါရီမှာ အဲဗာတန်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွေ့ လာခဲ့သူဖြစ်ပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။  ဘာကလေကို ခေါ်ယူနိင်ခဲ့တာနဲ့ ပတ်သက်လို့ ဗီလာနည်းပြ ဒင်းစမစ်က “ဘာကလေလိုက စားသမားမျိုးကို ခေါ်ယူခွင့်ရရှိခဲ့ခြင်းက အသင်းအတွက် အကျိုးရှိစေမယ့် လုပ်ဆောင်ချက်ဖြစ်ပြီး သူဟာ အသင်းကို တိုးတက်လာစေမယ်မယ်ဆိုတာ သေချာပါတယ်” လို့ အသင်းဝက်ဘ်ဆိုဒ်ကို ပြောခဲ့ပါတယ်။  ဘာကလေဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆယ်ကျော်သက်အရွယ်ကတည်းက အဲဗာတန်အသင်းနဲ့အတူ တက်လှမ်းနိုင်ခဲ့သူဖြစ်ပြီး အသင်းဟောင်းအတွက် ၁၇၉ ပွဲကစားကာ ၂၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။  သူ့ရဲ့ကစားပုံကြောင့်လည်း ဘာကလေဟာ အင်္ဂလန်အသင်းအတွက် အနာဂတ်ကစားသမားတဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။  ဒါပေမယ့် ဒဏ်ရာပြသနာနဲ့ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရခြင်းတို့ကြောင့် ချဲလ်ဆီးအသင်းမှာတော့  မျှော်လင့်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။  ဘာကလေဟာ ချဲလ်ဆီးနည်းပြ လမ်းပတ်ရဲ့အစီစဉ်တွေမှာ မေဆင်မောင့်ထ်၊ မတ်တီယိုကိုဗာဆစ်တို့ရဲ့နောက် တတိယဦးစားပေး ကစားသမားဖြစ်ခဲ့ပြီး အငှားထွက်ကစားဖို့ စေလွှတ်ခံခဲ့ရပါတယ်။  အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ၈၆ ပွဲကစားပြီး ၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဘန်စလေအသင်းကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာလည်း ချဲလ်ဆီးအသင်းအတွက် ကစားခွင့်ရရှိခဲ့ပါတယ်။  cup-tied မိနေတာကြောင့် ဘာကလေဟာ ဗီလာအသင်းနဲ့ စတုတ်စီးတီးအသင်းတို့ရဲ့ ကာရာဘောင်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရမှာမဟုတ်သေးဘဲ အသင်းသစ်အတွက် ပွဲဦးထွက်ကို လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာမှ စတင်နိုင်ဖွယ်ရှိနေပါတယ်။  ချဲလ်ဆီးအသင်းဟာ ဒီအပြောင်းအရွေ့ဈေးကွက်မှာ ငွေကြေးအင်အားများစွာ သုံးစွဲအားဖြည့်ထားပြီး ဘာကလေအပါအဝင် ဒီနွေရာသီမှာ အသင်းကနေ အငှားထွက်ကစားခဲ့တဲ့ ကစားသမားအရေအတွက်ဟာလည်း ၂၁ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။  အောက်တိုဘာ ၅ ရက် အပြောင်းအရွှေ့ ဈေးကွက်မပိတ်သိမ်းမီ နောက်ထပ်ကစားသမားတွေလည်း ထွက်ခွာဖို့ ရှိနေပါတယ်။ 
6 months Ago
More News
Up