ဗီယက်နမ်

September 20, 2021

ကျူးဘားထုတ် ကိုဗစ်ကာကွယ်ဆေးသုံးရန် ဗီယက်နမ် အတည်ပြု

ဗီယက်နမ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရာမှာ ကျူးဘားနိုင်ငံထုတ် အဘ်ဒါလာ ကာကွယ်ဆေးကိုသုံးဖို့ အတည်ပြုလိုက်တယ်လို့ အစိုးရက စက်တင်ဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။ 

သမ္မတ ဝင့်စွမ်းပူက ကျူးဘားနိုင်ငံရဲ့မြို့တော် ဟာဗားနားကို တရားဝင် အလည်အပတ်ခရီး ထွက်သွားပြီး နာရီပိုင်းအတွင်း ကြေညာချက် ထွက်ပေါ်လာတာပါ။

ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို အဆိုးဆုံး ခံနေရတာပါ။ စုစုပေါင်း ကူးစက်ခံ အတည်ပြုလူဦးရေ ၆၆၇,၀၀၀ ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၁၆,၆၀၀  ကျော် ရှိခဲ့ပါတယ်။

 ကူးစက်ခံ အများစုဟာ ဧပြီနှောင်းပိုင်းက ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှုရဲ့ ဓားစာခံတွေ ဖြစ်ပါတယ်။

အဘ်ဒါလာ ကာကွယ်ဆေးဟာ ဗီယက်နမ်မှာ သုံးဖို့ အတည်ပြုထားတဲ့ ရှစ်ခုမြောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးပါ။

 အရှေ့တောင်အာရှမှာ ကာကွယ်ဆေးထိုးနှုန်းအနိမ့်ဆုံးဖြစ်နေတဲ့ ဗီယက်နမ်မှာ လူဦးရေ ၉၈ သန်းရဲ့ ၆ ဒသမ ၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအနည်းဆုံး ၂ လုံး ထိုးထားနိုင်တာပါ။

ဗီယက်နမ်နဲ့ ကျူးဘားဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်တဲ့ ကွန်မြူနစ် ငါးနိုင်ငံထဲမှာ ပါဝင်ပြီး တရုတ်၊ လာအိုနဲ့ မြောက်ကိုရီးယားတို့ဟာလည်း ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ပါတယ်။

3 days Ago

September 14, 2021

ဗီယက်နမ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်ဆဲလှေပေါ်က ငါးဖမ်းသမားများကို ကယ်တင်

ဗီယက်နမ်နိုင်ငံကို အပူပိုင်းမုန်တိုင်း ကွန်ဆန် ဝင်ရောက်တိုက်ခတ်အပြီး ရေဘေးမှာ သောင်တင်နေတဲ့ လူ ၅ ယောက်နဲ့ နစ်မြုပ်နေဆဲ လှေပေါ်က ငါးဖမ်းသမား ၅ ယောက်ကို  စစ်သားတွေက ကယ်ခဲ့ရတယ်လို့ အစိုးရ ရုပ်သံ VTV က ထုတ်လွှင့်ကြေညာပါတယ်။

နိုင်ငံအလယ်ပိုင်းက ဒါနန်းမြို့ရဲ့ လမ်းတွေမှာ ကားတွေ လူတွေ ရေကြီးနေတဲ့ကြားက သွားလာနေတဲ့ ရုပ်သံတွေကိုလည်း ပြသပါတယ်။

သီတင်းပတ် ကုန်ရက်က နိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာအပြီး မုန်တိုင်းကြောင့် ရေကြီး မြေပြိုတာတွေ ဖြစ်မယ့်ဘေးကို အာဏာပိုင်တွေက စက်တင်ဘာ ၁၃ ရက်မှာ သတိပေးခဲ့ပါတယ်။

မုန်တိုင်းကြောင့် မိုးကြီးခဲ့တဲ့အတွက် ဗီယက်နမ်အလယ်ပိုင်းမှာ လူတယောက် သေဆုံးပြီး အိမ်ခြေ ၃၁ လုံး ပျက်စီးခဲ့ကာ စပါးခင်း ၂၄၇၂ ဧက ရေမြုပ်ခဲ့တယ်လို့ ဗီယက်နမ် ကပ်ဘေးစီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။

အရင်သီတင်းပတ်ကတော့ အာဏာပိုင်တွေက ကယ်ဆယ်ရေးအတွက် စစ်သည်အင်အား ၅ သိန်းကို အသင့်ပြင်ခိုင်းထားခဲ့ပြီး ဆိပ်ကမ်းမှာ ရေယာဉ်တွေ ဆိုက်ကပ်ထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ရှည်လျားတဲ့ ကမ်းရိုးတန်းရှိလို့ မုန်တိုင်းတွေနဲ့ ရေဘေးတွေ ထူပြောတဲ့ ဗီယက်နမ်မှာ မုန်တိုင်းတွေကြောင့် မနှစ်က ရေကြီး၊ မြေပြိုတာတွေ ဖြစ်ခဲ့လို့ လူ ၃၇၉ ယောက် သေဆုံးခဲ့ပြီး လူ ၁,၀၆၀ ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

1 week Ago
More News
Up