ဗီယက်နမ် အပျော်စီးသင်္ဘော မီးလောင်၊ ခရီးသည်များ ခုန်ချထွက်ပြေး

May 9, 2016

ဗီယက်နမ် အပျော်စီးသင်္ဘော မီးလောင်၊ ခရီးသည်များ ခုန်ချထွက်ပြေး (ရုပ်သံ)

အပျော်စီးသင်္ဘောတစီးဟာ ဗီယက်နမ်နိုင်ငံကမ်းခြေ သင်္ဘောကျင်းထဲမှာ ဆိုက်ကပ်ရပ်နားထားစဉ် ရုတ်တရက် မီးလောင်ကျွမ်းခဲ့လို့ ကမ္ဘာလှည့်ခရီးသည်တွေ ခုန်ချထွက်ပြေးခဲ့ကြတယ်လို့ Yahoo သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ The Aphrodite အမည်ရတဲ့ အဲဒီ အပျော်စီးသင်္ဘောပေါ်မှာ ကမ္ဘာလှည့်ခရီးသည် ၃၇ ဦး တင်ဆောင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ ဟလောင်ပင်လယ်အော်မှာ ရပ်နားထားချိန် မီးလောင်ကျွမ်းခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခရီးသည်တွေ အများစုဟာ ကြောက်လန့်တကြားနဲ့ ခုန်ချ ထွက်ပြေးခဲ့ကြတာကို တွေ့ရပါတယ်။ အဆိုပါသင်္ဘောရဲ့ ကိုယ်ထည်ဟာ သစ်သားနဲ့ တည်ဆောက်ထားပြီး ၃ ထပ် ပါရှိတာပါ။ မီးဟာ အရှိန်နဲ့ လောင်ကျွမ်းပြီးနောက် အထပ်တွေဆီ ကူးစက်လာချိန်မှာ ခရီးသည်တွေဟာ ရွေးချယ်စရာမရှိဘဲ ရေထဲကို တယောက်ပြီးတယောက် ခုန်ချ ထွက်ပြေးခဲ့ကြရတာပါ။ The Aphrodite အပျော်စီးသင်္ဘော တာဝန်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးခဲ့တာပါ။ “သင်္ဘောဝန်ထမ်းတဦး အပါအ၀င် လူ ၄ ယောက် အသေးအဖွဲ ဒဏ်ရာတွေ ရခဲ့ပါတယ်။ အပျော်စီးသင်္ဘောပေါ်မှာ တိုင်ဝမ်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ နယူးဇီလန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည် ၃၇ ယောက် အပါအ၀င် အားလုံး လူ ၄၀ ကျော် ပါဝင်ပါတယ်။ ခရီးသည်တွေထဲက ၃၃ ယောက်ကိုတော့ ဟနွိုင်ကို ချောချောမောမော ပို့ပေးလိုက်ပါပြီ။” မီးသတ်ရဲဌာန ဒုတိယညွှန်ကြားရေးမှူး ဗူဗန်ဒေါင်ကတော့ ဒါဟာ သင်္ဘောပေါ်ပါ ခရီးသည်တွေနဲ့ ၀န်ထမ်းတွေရဲ့ မဆင်မခြင် ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်နိုင်တယ်လို့ ပြောလိုက်တာပါ။ “သင်္ဘောကိုယ်ထည်တခုလုံးဟာ သစ်သားနဲ့ တည်ဆောက်ထားပြီး မီးလောင်လွယ်တဲ့ ပစ္စည်းတွေ များတယ်။ နောက်ပြီး အလိုအလျောက် မီးငြှိမ်းသတ်ရေး ကိရိယာတွေ တပ်ဆင်ထားတဲ့စနစ် မပါဘူး။ ဒါကြောင့် စလောင်ချိန်မှာ မီးကို ထိန်းချုပ်ဖို့ခက်တယ်။” သင်္ဘောပေါ်ပါ ၀န်ထမ်းတွေကတော့ သူတို့အနေနဲ့ မီးငြှိမ်းသတ်ရေး သင်တန်းပြီးမြောက်ထားပြီးပြီလို့ ဆိုပါတယ်။
6 years Ago
Up