ဗီယက်နမ် ဝက်သွေးစိမ်းဟင်းစားသုံးမှုကြောင့် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နိုင်ဟု သတိပေး

May 26, 2017

ဗီယက်နမ် ဝက်သွေးစိမ်းဟင်းစားသုံးမှုကြောင့် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နိုင်ဟု သတိပေး

ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာ နာမည်ကြီး ဝက်သွေးစိမ်းဟင်းလျာ စားသုံးမှုကြောင့် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားနိုင်ချေရှိတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဒီဟင်းလျာဟာ ဗီယက်နမ် အစားအစာတွေထဲမှာ နာမည်ကျော်တဲ့ ဟင်းလျာတမျိုးဖြစ်ပြီး ရောနှောထားတဲ့ ဝက်သွေးထဲမှာ ပြုတ်ထားတဲ့ ဝက်အူတွေကိုထည့်ကာ ပြုလုပ်ပြီး စားသောက်ရတာမျိုးဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတမျိုးဟာ ဝက်ရဲ့အသားထဲမှာ ပါဝင်နိုင်ချေရှိနေတယ်လို့ ဆိုပါတယ်။ နှစ်စဉ် ဒီရောဂါဖြစ်ပွားတဲ့ ဖြစ်စဉ် ရာနဲ့ချီဖြစ်နေပြီး လူနာတွေထဲက ၁၀ ရာခိုင်နှုန်းဟာ သေဆုံးခဲ့ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီဟင်းလျာပြုလုပ်ရာမှာ အဓိကပါဝင်တဲ့ ဝက်သားအစိမ်းတွေမှာ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ပါဝင်နေတာကို တွေ့ရတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံသား တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ငုယင်ဗန်ကောင်းက “ရိုးရာဝက်သွေးဟင်းလျာကို ဗီယက်နမ်မှာ စားနေခဲ့ကြတာ တော်တော်ကို အမြစ်တွယ်နေခဲ့ပါပြီ။ နေ့တိုင်းကို စားနေကြတာပါ” လို့ ပြောပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဆေးသိပ္ပံသုတေသန လေ့လာချက်တခုမှာတော့ ဗီယက်နမ် ကျေးလက်ဒေသ လူဦးရေရဲ့ ၃ ပုံ ၁ ပုံကျော်နဲ့ မြို့ပြနေထိုင်သူဦးရေရဲ့ ၁၀ ပုံ ၁ ပုံလောက်ဟာ ဒီဝက်သွေးစိမ်းဟင်းလျာကို စားသုံးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဟိုချီမင်းမြို့အခြေစိုက် အောက်စ်ဖို့ဒ်တက္ကသိုလ် ဆေးသုတေသန ဓာတ်ခွဲခန်းမှ ပါမောက္ခ စတီဖင် ဘိတ်ကာက “ပညာရေးအခြေခံအသိ အားနည်းမှုနဲ့ ရှေးရိုးဆန်တဲ့ အပြုအမူတွေကနေ စတင်တာဖြစ်တယ်” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ဒီဝက်သွေးစိမ်းဟင်းလျာကို မစားသုံးသင့်ဘဲ ရှောင်ကြဉ်သင့်တယ်လို့ သတိပေးနေကြပါတယ်။
4 years Ago
Up