ဗီယက်နမ်နှင့် အင်ဒိုနီးရှား

April 19, 2018

ဗီယက်နမ်နှင့် အင်ဒိုနီးရှား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရန် ကတိပြု

ဗီယက်နမ်နဲ့ အင်ဒိုနီးရှား အစိုးရတွေဟာ စီးပွားရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ဖို့ ဧပြီ ၁၇ ရက်မှာ ကတိပြု လိုက်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီရဲ့ ဗီယက်နမ်မြို့တော် ဟနွိုင်းကို အလည်အပတ် ခရီးစဉ်အတွင်း ခုလို ကတိပြုလိုက်တာပါ။ နှစ်စဉ် အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးကိုလည်း လာမယ့် နှစ်အနည်းငယ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖိုးထိ တိုးမြှင့်ဖို့ နည်းလမ်းရှာနေပါတယ်။ မနှစ်ကတော့ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံဖိုး ရှိခဲ့တာပါ။ “ပင်လယ်ပြင် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေးနဲ့ ငါးဖမ်းသမားတွေကို ထိထိရောက်ရောက် ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို နှစ်နိုင်ငံလုံးက တည်ဆောက်ဖို့ သဘောတူခဲ့တယ်။ နှစ်နိုင်ငံ ရေပိုင်နက် အချုပ်အခြာတွေကို နှစ်နိုင်ငံလုံးက ငါးဖမ်းသမားတွေက ချိုးဖောက်နေတာကို လူသားဆန်တဲ့ နည်းလမ်းတွေ ဥပဒေတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းမယ်” လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖှမ်ဘင်မင်က ပြောပါတယ်။ အင်ဒိုနီးရှားဟာ လတ်တလော နှစ်တွေအတွင်း သူ့ရေပိုင်နက်ထဲမှာ တရားမဝင် ငါးဖမ်းတဲ့ ဗီယက်နမ် ငါးဖမ်းသင်္ဘော အများအပြားကို ဖမ်းဆီးသိမ်းယူခဲ့ပါတယ်။
4 years Ago
Up