ဗီယက်နမ်အပေါ် လက်နက်ပိတ်ဆို့မှု ရုပ်သိမ်းမည်ဟု အမေရိကန် ကြေညာ

May 23, 2016

ဗီယက်နမ်အပေါ် လက်နက်ပိတ်ဆို့မှု ရုပ်သိမ်းမည်ဟု အမေရိကန် ကြေညာ

အမေရိကန်ပြည်ထောင်စုက ကွန်မြူနစ် ဗီယက်နမ်နိုင်ငံအပေါ် ကာလရှည်ကြာ စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ထားတာတွေ လုံးဝပြန်လည်ရုပ်သိမ်းပေးတော့မယ်လို့ သမ္မတ ဘားရတ်အိုဘားမားက ကြေညာပါတယ်။ ၃ ရက်ကြာ အလည်အပတ်ခရီးစဉ်ရဲ့ ပထမနေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ဗီယက်နမ်သမ္မတ Tran Dai Quang နဲ့ ဆွေးနွေးအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ဆယ်စုနှစ်နဲ့ချီပြီး စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ဆို့မှုကို ပြန်လည်ဖွင့်ပေးဖို့ ဗီယက်နမ်နိုင်ငံက အတန်တန်တောင်းဆိုနေတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတော့ တစိတ်တပိုင်း ပြန်လည် ဖွင့်ပေးခဲ့ပါတယ်။ လက်နက်ပိတ်ဆို့မှု ရုပ်သိမ်းတာဟာ တရုတ်နိုင်ငံအပေါ်မှာ အခြေခံတာမဟုတ်ဘဲ ဗီယက်နမ်နဲ့ ဆက်ဆံရေးရဲ့ ရေရှည် ပုံမှန်အစိတ်အပိုင်းတရပ် ဖြစ်တယ်လို့ သမ္မတ အိုးဘားမားက ပြောပါတယ်။ “အမေရိကန်ပြည်ထောင်စုက စစ်လက်နက်အသုံးအဆောင် ရောင်းချမှု ပိတ်ပင်ထားတာကို အပြည့်ပြန်ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဗီယက်နမ်က မိမိဘာသာ ကာကွယ်နိုင်စွမ်းရည်ရှိတာ သေချာစေဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ ၂ နိုင်ငံဟာ အလုပ်တွေကို အတူလုပ်သွားကြမယ်။” သမ္မတအိုဘားမားဟာ နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားပြီးကတည်းက ဗီယက်နမ်နိုင်ငံကို လာရောက်တဲ့ တတိယမြောက် အမေရိကန်သမ္မတ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က ဘီလ်ကလင်တန်၊ ၂၀၀၆ ခုနှစ်မှာ ဂျော့ဒဗလျူဘုရှ်တို့ လာရောက်လည်ပတ်ဖူးပါတယ်။ မစ္စတာအိုဘားမားရဲ့ခရီးစဉ်ဟာ ဗီယက်နမ်-အမေရိကန် ဘက်စုံ မဟာမိတ်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့အတွက် ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးက ဗီယက်နမ်သတင်းအေဂျင်စီကို ပြောဆိုထားပါတယ်။ အိုးဘားမားဟာ ဒီကနေ့ ဗီယက်နမ်ဝန်ကြီးချုပ်၊ ပါတီအထွေထွေအတွင်းရေးမှူးတို့နဲ့ တွေ့ဆုံမှာပါ။ မနက်ဖြန်မှာတော့ စီးပွားရေးသမားတွေ၊ လူငယ်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ စီစဉ်ထားပြီး ဟိုချီမင်းမြို့ကို မသွားခင်မှာ အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးဆိုင်ရာ မိန့်ခွန်းတရပ်ကို ပြောကြားမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံ တချို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေချိန်၊ တရုတ်နိုင်ငံက စစ်အင်အားတိုးချဲ့လာနေချိန်မှာ အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်း ၄၁ နှစ်ကြာ လက်နက်ရောင်းချမှု ပိတ်ပင်ထားချက်ကို ရုပ်သိမ်းဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးကို တက်ရောက်ဖို့အတွက် အာရှကိုလာတဲ့ ခရီးစဉ်အစမှာ အမေရိကန်သမ္မတ အိုဘားမားက ဗီယက်နမ်နိုင်ငံကို ၃ ရက်ကြာ လည်ပတ်မယ်လို့ သတင်းတွေက ဆိုပါတယ်။ ဗီယက်နမ်ပြည်တွင်းစစ်အတွင်း အရပ်သား၊ ကွန်မြူနစ်ရဲဘော်တွေ၊ တောင်ဗီယက်နမ်စစ်သားတွေ သန်းချီသေဆုံးခဲ့ပြီး အမေရိကန်စစ်သား ၅ သောင်း ၈ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် စစ်ပွဲပြီးတဲ့အခါ ကွန်မြူနစ်တွေက နိုင်ငံတ၀န်းလုံးကို ထိန်းချုပ်ခဲ့ကြပါတယ်။
6 years Ago
Up