ဗီယက်နမ်အမျိုးသမီး

May 3, 2019

ကင်ဂျုံနမ်သတ်ဖြတ်မှု စွပ်စွဲခံရသည့် ဗီယက်နမ်အမျိုးသမီးအား မလေးရှားအစိုးရ ပြန်လွှတ်

ကင်ဂျုံနမ်ကို သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲခံရတဲ့ ဗီယက်နမ်အမျိုးသမီး ဒုံသီဟောင်ကို မလေးရှားအစိုးရက မေလ ၃ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။ အင်ဒိုနီးရှားအမျိုးသမီး ဆီတီအိုက်ရှာနဲ့အတူ စွပ်စွဲခံရတဲ့ ဒုံသီဟောင်ဟာ မလေးရှားထောင်အတွင်း ၂ နှစ်ကျော် နေခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ရဲ့ မျက်နှာကို VX ဓာတုအဆိပ် သုတ်လိမ်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရတာပါ။ ကင်ဂျုံနမ်ကို သတ်ဖြတ်တယ်ဆိုတာကို နှစ်ဦးစလုံးက ငြင်းဆိုခဲ့ပြီး သူတို့ဟာ နောက်ပြောင်ကျီစယ်တဲ့ တီဗွီအစီအစဉ်တခုမှာ ပါဝင်ခဲ့တာသာ ဖြစ်တယ်လို့ တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ မတ်လတုန်းက မလေးရှားအစိုးရဟာ အင်ဒိုနီးနားအစိုးရ မေတ္တာရပ်ခံချက်နဲ့ ဆီတီအိုက်ရှာကို လွှတ်ပေးခဲ့ပါတယ်။ ဧပြီလမှာတော့ ဒုံသီဟောင်က ကင်ဂျုံနမ်ကို ထိခိုက်စေတဲ့ ပြစ်မှုကို ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီးနောက် မလေးရှားအစိုးရ ရှေ့နေတွေက သူ့အပေါ် စွဲဆိုထားတဲ့ လူသတ်မှုကို ရုပ်သိမ်းခဲ့တာပါ။ မလေးရှားအကျဉ်းထောင်ကနေ ဒုံသီဟောင်ကို လွှတ်လွှတ်ချင်း လူဝင်မှုကြီးကြပ်ရေး ဌာနမှာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ ဒုံသီဟောင်ဟာ မေလ ၃ ရက်နေ့ နှောင်းပိုင်းမှာ နေရပ် ဗီယက်နမ်ကို ပြန်မယ်လို့ ရှေ့နေဖြစ်သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
3 years Ago

February 16, 2019

ဗီယက်နမ်အမျိုးသမီး လွတ်မြောက်ရေး ကင်ဂျုံအန်းကို မိသားစု အကူအညီ တောင်းခံ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူအား အာရုံကြော အဆိပ်သုံး သတ်ဖြတ်မှုအတွက် သေဒဏ်ရင်ဆိုင်နေရတဲ့ ဗီယက်နမ် အမျိုးသမီး ဒုံသီဟောင် လွတ်မြောက်ရေး ကူညီပေးဖို့ မိသားစုက ကင်ဂျုံအန်းကို အကူအညီတောင်းခံလိုက်ပါတယ်။ ခေါင်းဆောင် ကင်ဂျုံအန်း ဗီယက်နမ် လာမှာဖြစ်တဲ့အတွက် သမီးဖြစ်သူ လွတ်မြောက်အောင် ကူညီပေးစေလိုတယ်လို့ ဗီယက်နမ် စစ်ပြန်တဦးဖြစ်သူ ဒုံသီဟောင်ရဲ့ ဖခင်က ပြောပါတယ်။ မိထွေးဖြစ်သူကလည်း ဒုံသီဟောင်ဟာ အမှန်တကယ် ကျူးလွန်သူတွေရဲ့ ဓားစာခံသာ ဖြစ်တာမို့ ခေါင်းဆောင် ကင်အနေနဲ့ ကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလက ကွာလာလမ်ပူလေဆိပ်မှာ မြောက်ကိုရီးယားနိုင်ငံသား ကင်ဂျုံနမ်ကို သတ်ဖြတ်မှုနဲ့ ဒုံသီဟောင်ဟာ အင်ဒိုအမျိုးသမီးတဦးနဲ့အတူ အဖမ်းခံရပြီး တရားရင်ဆိုင်နေရပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဟာ ဖေဖော်ဝါရီ ၂၇-၂၈ ရက်နေ့မှာ ထိပ်သီးဆွေးနွေးပွဲအတွက်  ဗီယက်နမ်ကို လာရောက်မှာဖြစ်ပြီး အဲဒီအတွက် ဒုံသီဟောင်ရဲ့ မိသားစုက အကူအညီတောင်းခံတာလို့ ရိုက်တာသတင်းကဆိုပါတယ်။
3 years Ago
Up