ဗီယက်နမ်မိန်းကလေး

March 8, 2019

American Idol ဒိုင်များကို အံ့အားသင့်စေခဲ့သည့် ဗီယက်နမ်မိန်းကလေး (ရုပ်သံ)

ဂီတက လူတွေရဲ့ စိတ်အာရုံကို ညှို့ယူနိုင်ရုံသာမက အံ့သြစရာတွေကိုလည်း ယူဆောင်ပေးစွမ်းနိုင်တယ်ဆိုတာ ဒီအဖြစ်အပျက်က သက်သေပြလိုက်တာပါပဲ။ ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ ပရိသတ်တွေ သည်းသည်းလှုပ် အားပေးကြည့်ရှုကြရတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ American Idol မှာ ဒိုင်တွေ သဘောကျ လက်ခံနိုင်ဖို့ဆိုတာ တော်တော့ကို မလွယ်ကူတဲ့အဖြစ်ပါ။ ဒါပေမယ့် အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဗီယက်နမ်မိန်းကလေး မိုင်ရာ ထရန်ကတော့ ဒါကို အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အေဘီစီရုပ်သံက တာဝန်ယူထုတ်လွှင့်တဲ့ American Idol သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တွေအဖြစ် နာမည်ကြီး အနုပညာရှင်တွေ ဖြစ်ကြတဲ့ လုခ်ဘရိုင်ယန်၊ လိုင်ယွန်နယ်လ်ရစ်ချီနဲ့ ကေတီပယ်ရီတို့က ဆောင်ရွက်နေကြတာပါ။ သူတို့ ၃ ဦးလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့တဲ့ မိုင်ရာထရန်ကတော့ ပြိုင်ပွဲမှာ One Night Only သီချင်းနဲ့ အစွမ်းပြ သီဆိုနိုင်ခဲ့တာပါ။ အဲဒီသီချင်းဟာ ၂၀၀၄ ခုနှစ်မှာ American Idol သီချင်းဆိုပြိုင်ပွဲကပဲ မွေးထုတ်ပေးလိုက်ပြီး နာမည်ကြီးအဆိုတော်၊ သရုပ်ဆောင်တဦး ဖြစ်လာခဲ့တဲ့ အဆိုတော် ဂျနီဖာဟတ်ဒ်ဆန်ရဲ့ သီချင်းတပုဒ်ဖြစ်ပြီး လူကြိုက်များခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ သီချင်းစမဆိုခင်မှာတော့ မိုင်ရာထရန်ဟာ စိတ်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ အဲဒီနောက် အဆွဲအငင်နဲ့ ခက်ခဲလှတဲ့ သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုပြသွားခဲ့ချိန်မှာတော့ ဒိုင်တွေက ပါးစပ်အဟောင်းသားနဲ့ အားပေးကြည့်ရှုခဲ့ကြတာကို တွေ့မြင်ကြရမှာပါ။ လတ်တလောမှာတော့ ဗီယက်နမ်မိန်းကလေး မိုင်ရာထရန်ရဲ့ သီဆိုယှဉ်ပြိုင်မှု ရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ American Idol အစီအစဉ်ဟာ ကယ်လီကလာ့ခ်ဆန်၊ ဂျနီဖာဟတ်ဒ်ဆန်နဲ့ အဒမ်လမ်းဘတ်တို့လို နာမည်ကျော် အနုပညာကြယ်ပွင့်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး လူကြိုက်များတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
2 years Ago
Up