ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၂၁ က ထိုင်းယူ-၂၁ ကို ၁ ဂိုး ဂိုးမရှိဖြင့်နိုင်

December 14, 2017

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာယူ-၂၁ က ထိုင်းယူ-၂၁ ကို ၁ ဂိုး ဂိုးမရှိဖြင့်နိုင်

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ဗီယက်နမ်သတင်းစာ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲအဖြစ် မြန်မာယူ-၂၁ အသင်းနဲ့ ထိုင်းယူ-၂၁ အသင်းတို့ ဒီကနေ့ ယှဉ်ပြိုင်ရာ မြန်မာယူ-၂၁ အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာယူ-၂၁ အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ ဟိန်းထက်အောင်က အနီးကပ် ပိတ်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲ ဒုတိယပိုင်းမှာ မြန်မာအသင်း တိုက်စစ်ဆင်လာစဉ် ထိုင်းဂိုးသမား ဂိုးဧရိယာအပြင်ဘက်ထွက်ပြီး လက်နဲ့ပုတ်ကာကွယ်ခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၁၉ အသင်း၊ ထိုင်း ယူ-၂၁ အသင်းနဲ့ ယိုကိုဟားမားအသင်း ငါးသင်းပါဝင်ပြီး အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမှာပါ။ မြန်မာယူ-၂၁ အသင်းဟာ ပွဲဦးထွက်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၂ ရက်နေ့က အိမ်ရှင် ဗီယက်နမ်ယူ-၁၉ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ တဖက်တဂိုးစီ သရေကျခဲ့ပြီး  ယိုကိုဟားမား အသင်း၊ ဗီယက်နမ် ယူ-၂၁ အသင်းတွေနဲ့ ကစားဖို့ ကျန်ရှိနေပါတယ်။ အုပ်စု ပထမနဲ့ ဒုတိယအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စု တတိယနဲ့ စတုတ္တအသင်းတို့ တတိယနေရာလုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up