ဗီယက်နမ်တွင် ဘိန်းဖြူသယ်သူ ၉ ဦးကို သေဒဏ်ချမှတ်

A d v e r t i s e m e n t With Us

August 10, 2016

ဗီယက်နမ်တွင် ဘိန်းဖြူသယ်သူ ၉ ဦးကို သေဒဏ်ချမှတ်

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဗီယက်နမ်မြောက်ပိုင်းကနေ တရုတ်နိုင်ငံကို ဘိန်းဖြူကီလို ၂၈၀ မှောင်ခိုသယ်ဆောင်မှုနဲ့ သြဂုတ် ၉ ရက်နေ့က ဗီယက်နမ်နိုင်ငံ လန်ဆန်တရားရုံးတခုက ဗီယက်နမ်အမျိုးသား ၉ ဦးကို သေဒဏ်၊ ၂ ဦးကို ထောင်ဒဏ်တသက် ချမှတ်ပါတယ်။ သေဒဏ်စီရင်ခံရသူ ၉ ဦးဟာ အသက် ၃၁ နှစ်ကနေ ၃၉ နှစ်အရွယ်တွေဖြစ်ကြပြီး  ဂိုဏ်းခေါင်းဆောင်ညီအစ်ကိုနှစ်ဦးနဲ့ နောက်လိုက် ၇ ဦးပါဝင်ပါတယ်။ ထောင်ဒဏ်တသက်ကျသူ နှစ်ဦးကတော့ ၂၅ နှစ်နဲ့ ၃၈ နှစ်အရွယ်တွေ ဖြစ်ကြတယ်လို့ Thanh Nien သတင်းက ရေးပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အဖွဲ့ဝင် ၂ ဦးကို ဟိုရာဘင့်ခရိုင်မှာ ဘိန်းဖြူ ၁၅ ကီလိုနဲ့ စတင်ဖမ်းမိခဲ့တာပါ။ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်တွေအရ ကျန်သူတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူတို့အနေနဲ့ ဘိန်းဖြူ ၂၈၀ ကီလိုဂရမ်ကို ပို့ခအဖြစ် အမေရိကန်ဒေါ်လာ ၄၅၆၀၀၀ နဲ့ တရုတ်ပြည်ကို ၂၂ ကြိမ်ခွဲပြီး ပို့မယ့်ကိစ္စကို ဖြောင့်ချက်ပေးခဲ့ပါတယ်။ ဒီအမှုမှာ စုစုပေါင်း ၁၉ ဦး ပတ်သက်နေကာ ဗီယက်နမ် ၄ ဦးဟာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး အမည်မသိတရုတ်လူမျိုးတဦးကို တရုတ်နိုင်ငံမှာ ဖမ်းဆီးရမိခဲ့သလို ဗီယက်နမ်တဦးကတော့ ကွယ်လွန်ခဲ့ပြီလို့ဆိုပါတယ်။ ဇူလိုင် ၂၅ ရက်နေ့တုန်းကလည်း ဘိန်းဖြူ ၄၀၀ ဂရမ်နဲ့ မက်သာအဖက်တမင်း ၂ ဒသမ ၅ ကီလိုဂရမ် တရားမ၀င် လက်ဝယ်တွေ့ရှိခဲ့တဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦးကို ဟိုချီမင်းမြို့ တရားရုံးက ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သလို၊ ဇွန်လလည်း ဟိုချီမင်းမြို့ တရားရုံးတခုက အသက် ၇၃ နှစ်အရွယ် ဗီယက်နမ်-သြစတြေးလျ ကပြားအမျိုးသမီးတဦးကို ဆစ်ဒနီကို မူးယစ်ဆေးဝါး ၂ ဒသမ ၈ ကီလိုဂရမ် သယ်ဆောင်ဖို့ ကြိုးပမ်းမှုအတွက် သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ တင်းကျပ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး  ကိုင်တွယ်အရေးယူပါတယ်။ ဘိန်းဖြူ ၁၀၀ ဂရမ် သို့မဟုတ် တခြား တရားမ၀င် မူးယစ်ဆေးဝါး ၃၀၀ ဂရမ်ကို ထုတ်လုပ်မှု သို့မဟုတ် ရောင်းချမှုဟာ သေဒဏ်ထိုက်တဲ့ပြစ်မှု ဖြစ်ပါတယ်။ ဘိန်းဖြူ ၆၀၀ ဂရမ်ကျော် သို့မဟုတ် မက်သာအဖက်တမင်း ၂ ကီလိုဂရမ်ခွဲ အလေးချိန်ကို လက်ဝယ်တွေ့ခြင်း သို့မဟုတ် သယ်ဆောင်ခြင်းကိုလည်း သေဒဏ်စီရင်ပါတယ်။
5 years Ago
Up