ဗီယက်နမ်ကို အနိုင်ယူရန် ခက်ခဲသော်လည်း အကောင်းဆုံးကြိုးစားမည်ဟု မြန်မာအသင်းနည်းပြ ပြော

August 2, 2016

ဗီယက်နမ်ကို အနိုင်ယူရန် ခက်ခဲသော်လည်း အကောင်းဆုံးကြိုးစားမည်ဟု မြန်မာအသင်းနည်းပြ ပြော

ဗီယက်နမ်နဲ့ အကြိုဗိုလ်လုပွဲမှာ နိုင်ပွဲရဖို့ ခက်ပေမယ့် ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မယ်လို့ မြန်မာအမျိုးသမီးအသင်း နည်းပြက ပြောပါတယ်။ အကြိုဗိုလ်လုပွဲမှာတွေ့မယ့် ဗီယက်နမ်အသင်းဟာ စုစည်းမှုကောင်းပြီး အတွေ့အကြုံရှိတဲ့ အသင်း ဖြစ်ပေမယ့် အကောင်းဆုံး တုံ့ပြန်ကစားနိုင်မယ်လို့ မြန်မာအသင်းနည်းပြက ယုံကြည်နေတာပါ။ "ဗီယက်နမ်အသင်းက အသင်းလိုက်စုစည်းမှု ကောင်းပြီး ဘောလုံးပိုင်ဆိုင်မှုကို အသားပေး ကစားလေ့ရှိတယ်။ အိုလံပစ်ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ပြိုင်ဘက်ကောင်းတွေနဲ့ ကစားခဲ့ရလို့ ပွဲအတွေ့အကြုံလည်း ရှိပါတယ်။ ဗီယက်နမ်နဲ့ပွဲက ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ဒါပေမယ့် ဘယ်လောက်ပဲ ခက်ခဲနေနေ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ဖို့ လိုပါတယ်။ ကျနော်တို့ အကောင်းဆုံး ယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲ တက်အောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ မြန်မာအသင်းနည်းပြချုပ် ရော်ဂျာရိုင်နာက ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲရာမှာ အားနည်းချက်ရှိပြီး လျှင်မြန်မှုရှိလာဖို့ ပြင်ဆင်သွားမယ်လို့လည်း မြန်မာအသင်းနည်းပြက ဆက်ပြောပါတယ်။ မြန်မာတိုက်စစ်မှူး ရီရီဦးကတော့ ဗီယက်နမ်နဲ့ပွဲကို ဗိုလ်လုပွဲတပွဲလို ကစားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ဗီယက်နမ်နဲ့တွေ့မယ့်ပွဲကို ဖိုင်နယ်လို သဘောထားပြီး ကန်သွားမှ ရမှာပါ။ အဲဒီစိတ်ဓာတ်ထည့်ပြီးတော့ကို ကျနော်တို့ ကန်သွားမှာပါ။ ဘာလို့လဲဆိုတော့ ဗီယက်နမ်ကိုနိုင်မှ ကျနော်တို့က ဖိုင်နယ်ကို ရင်ဆိုင်ရမှာကိုး။ ဗီယက်နမ်ကို ချွတ်ချော်လို့ တခုခုဖြစ်သွားတယ်ဆိုရင် ကျနော်တို့မှာ အခွင့်အရေး လုံးဝမရှိတော့ဘူး။ ဒါကြောင့် ဗီယက်နမ်နဲ့ပွဲကို တသင်းလုံးက ဖိုင်နယ်လို သဘောထားပြီးတော့ စိတ်ဓာတ်အပြည့်နဲ့ ကစားသွားမှာပါ။” မြန်မာအသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း ဗီယက်နမ်နဲ့ပွဲမှာ ပိုကောင်းတဲ့ ကစားပုံပြဖို့ လိုတယ်လို့ ပြောပါတယ်။ “ဘာပဲဖြစ်ဖြစ် ဆီမီးဖိုင်နယ် ရောက်သွားပြီဆိုတော့ ဟိုဘက်ကလည်း အသင်းကောင်းတသင်းပဲလေ၊ ဗီယက်နမ်ဆိုတာ။ ကျနော်တို့အနေနဲ့ ဒီပွဲကို ဒီ့ထက် ပိုပြီးကောင်းအောင် ပြင်ဆင်ပြီးတော့ အကောင်းဆုံး ကြိုးစားပြီး ယှဉ်ပြိုင်သွားရမှာပါ။” မြန်မာအမျိုးသမီးအသင်းဟာ ၂၀၁၁ ခုနှစ် အာဆီယံဖလားပြိုင်ပွဲမှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ပိုင်း တွေ့ဆုံတဲ့ ၆ ကြိမ်စလုံး ရှုံးနိမ့်ခဲ့တာပါ။ မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ အကြိုဗိုလ်လုပွဲကို ဒီကနေ့ ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ လွှမ်းမိုးအောင်
5 years Ago
Up