ဗီယက်နမ်ကို အနိုင်ယူပြီး မြန်မာယူ-၁၈ ဆီမီးဖိုင်နယ်တက်

September 14, 2017

ဗီယက်နမ်ကို အနိုင်ယူပြီး မြန်မာယူ-၁၈ ဆီမီးဖိုင်နယ်တက် (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲမှာ မြန်မာယူ-၁၈ အသင်းက ဗီယက်နမ်ယူ-၁၈ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ မြန်မာလူငယ်အသင်းဟာ ပွဲစပြီး တမိနစ်မပြည့်ခင်မှာပဲ ဦးဆောင်ဂိုး ပေးလိုက်ရလို့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရတာပါ။ ပထမပိုင်းမှာ ဗီယက်နမ်အသင်းက ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မြန်မာအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရယူခဲ့တာပါ။ မြန်မာယူ-၁၈ အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၅ မိနစ်မှာ မြတ်ကောင်းခန့်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူခဲ့တာပါ။ ဆီမီးဖိုင်နယ်တက်စေမယ့် အနိုင်ဂိုးကိုတော့ ပွဲချိန် ၈၅ မိနစ်မှာရတဲ့ ထောင့်ကန်ဘောကနေတဆင့် ကွင်းလယ်ကစားသမား လွင်မိုးအောင်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အုပ်စု ဘီ ရဲ့ ပွဲစဉ်အားလုံးအပြီးမှာ အင်ဒိုနီးရှား၊ မြန်မာနဲ့ ဗီယက်နမ်အသင်းတို့က ရမှတ် ၉ မှတ်စီ တူညီနေပေမယ့် အင်ဒိုနီးရှားက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ ရခဲ့ပါတယ်။ မြန်မာယူ-၁၈ အသင်းက ဗီယက်နမ်နဲ့ ဂိုးကွာခြားချက်ရော ဂိုးအရေအတွက်တွေမှာ တူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရခဲ့လို့ အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာယူ-၁၈ အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အုပ်စု အေက ပထမရတဲ့ မလေးရှားအသင်းနဲ့ စက်တင်ဘာ ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်  
4 years Ago
Up