ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို YMBAအသင်းက ဂုဏ်ထူးဆောင်ဘွဲ့ပေးမည်

January 12, 2021

ဒီမိုကရေစီမယိမ်းယိုင်အောင်ဆောင်ရွက်နေဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ကာချုပ်ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း အမှားအယွင်းတွေရှိခဲ့ကြောင်းနဲ့   စည်းကမ်း၊ ဥပဒေတွေအတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်လုပ်ဆောင်နေတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဆွေးနွေးပြောဆို ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ဇန်နဝါရီ ၁၂ ရက် ဒီနေ့ မနက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံရာမှာ မြန်မာ့တပ်မတော် စွမ်းရည်မြှင့်တင်ရေးကိစ္စ၊ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနဲ့ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံက ဆက်လက်ကူညီပေးသွားမယ့်ကိစ္စ၊ ထာ၀ရငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့  ဘင်္ဂလားဒေရှ့်ရောက် နေရပ်စွန့်ခွာနေသူတွေနဲ့ ပတ်သက်လို့ မြန်မာ-တရုတ်-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံ ညှိနှိုင်း ဆောင်ရွက်မယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ- DSINFO
11 months Ago

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မနက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး Qian Keming၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Wu Jianghao နဲ့ တရုတ်သံအမတ်ကြီး ချန်းဟိုင်တို့ တက်ရောက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။  သမ္မတနဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် တရုတ်နိုင်ငံက ယွမ်ငွေ ၃ သန်းတန်ဖိုးရှိ  ဆေးပစ္စည်းတွေကူညီပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားဖို့ ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ် အပါဝင် သဘောတူညီချက် ၆ ခု လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်း အာဆီယံ ဒေသတွင်း ၄ နိုင်ငံကို ခရီးလှည့်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- DSINFO
11 months Ago

December 9, 2020

YMBA က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့ချီးမြှင့်

ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (YMBA)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့ ချီးမြှင့်လိုက်ပါတယ်။ နှစ် ၁၀၀ ပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်  ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၉ ရက်မနက်က  Video Conferencing စနစ်နဲ့ ကျင်းပပြီး ချီးမြှင့်လိုက်တာလို့ တပ်မတော်က သတင်းထုတ်ပါတယ်။ ဗန်းမော်ဆရာတော် ဘုရားကြီး အမှူးပြုတဲ့ ဆရာတော်ကြီးများကိုယ်စား  YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ ဘွဲ့တော်ကိုချီးမြှင့်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က လက်ခံရယူခဲ့တယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။  အခမ်းအနားကို သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊၊ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းနဲ့ YMBA အသင်း တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို YMBA  အသင်းက ရာသက်ပန်နာယကအဖြစ်လည်းသတ်မှတ်ထားပါတယ်။ Photo-DSINFO
12 months Ago
More News
Up