ဗိုလ်မှူးဆန်းအောင်

July 22, 2015

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်မှူးဆန်းအောင်တို့ကို ဒီကေဘီအေ အဖွဲ့မှ ထုတ်ပယ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) လက်အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင်တို့ ၂ ဦးကို ဒီကေဘီအေ တပ်ဖွဲ့ကနေ ထုတ်ပယ်လိုက်ပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ ရက်စွဲနဲ့ ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် လက်မှတ်ရေးထိုးပြီး ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ သူတို့ဟာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းကို မလိုက်နာလို့ ထုတ်ပယ်တာလို့ သိရကြောင်း ဒီကေဘီအေ မြ၀တီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။ “ကျနော်တို့ဆီမှာက တပ်စည်းကမ်းပိုင်းဆိုင်ရာရှိတယ်။ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ အရာရှိ၊ ခေါင်းဆောင် လူကြီးတွေလည်း သူတို့ရဲ့ စည်းကမ်းကို ချိုးဖောက်လို့ ထုတ်ပယ်ရခြင်းဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ ကျန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သူတို့ ဖြေရှင်းပေါ့။ ကျနော်တို့ကတော့ ဌာနချုပ်ရဲ့ သဘောထား မှတ်ချက်ကိုပဲ ယူပြီးတော့ ဆက်လက်ဆောင်ရွက်တာပဲ ရှိပါတယ်။” ဗိုလ်မှူးချုပ်စောကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင်တို့ဟာ ဇူလိုင် ၂ ရက်နေ့ကစလို့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်ပေါ်မှာ အစိုးရတပ်နဲ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ အာရှလမ်းမကို အစိုးရတပ်ဘက်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမယ့် အနီးအနားတ၀ိုက်မှာ ရင်ဆိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ထုတ်ပယ်ခံရသူ ၂ ဦးဟာ ဒီကေဘီအေတပ်ဖွဲ့မှာ လူသိများတဲ့ စစ်ခေါင်းဆောင်နှစ်ဦး ဖြစ်ကြပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ ဗိုလ်မှူးဆန်းအောင်ဟာ ၂၀၁၄  စက်တင်ဘာလကုန်ပိုင်းက ကျိုက်မရောမြို့နယ်အတွင်း အစိုးရတပ်နဲ့ ဒီကေဘီအေတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး လာရောက်ရှင်းလင်းဖို့ ဌာနချုပ်က ဆင့်ခေါ်ခဲ့ရာမှာ မလာတဲ့အတွက် တကြိမ် ထုတ်ပယ်ခံခဲ့ရဖူးပါတယ်။ နောက်ပိုင်း သူ့ကို တာဝန်ပြန်ပေးခဲ့ရာက နောက်ထပ်တကြိမ် အခုလို ထုပ်ပယ်ခံရတာ ဖြစ်ပါတယ်။
6 years Ago

July 3, 2015

အစိုးရနှင့် တိုက်ပွဲအတွင်း ဒီကေဘီအေ ၁ ဦး ဖမ်းဆီးခံရ၊ ၂ ဦး ပျောက်ဆုံး

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမသစ်မှာ ဇူလိုင် ၃ ရက်နေ့မနက် အစောပိုင်းက အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ မနေ့က တိုက်ပွဲဖြစ်တဲ့ တတံကူးနားမှာ ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကေဘီအေတပ်သား ၁ တဦးကို အစိုးတပ်က ဖမ်းဆီးသွားကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ “ကျနော်တို့ဘက်မှာ မနက် ၅ နာရီလောက်မှာ စပြီး ပစ်ခတ်မှုဖြစ်တယ်။ ကျနော်တို့လူတွေ ညက ဆက်သွယ်မှုမရဘဲ ကျန်ခဲ့တဲ့လူတွေနဲ့ ထပ်ပြီး ထိတွေ့မှုဖြစ်တယ်။ ဆိုတော့ တယောက်ကတော့ လက်ရဖမ်းမိထားတယ်လို့ ကြားသိရတယ်။ ၂ ယောက်ကတော့ ကျနော်တို့ မသိရသေးဘူးဗျာ။” ဒါ့အပြင် မြ၀တီမြို့က အထွက် အာရှလမ်းထိပ်ဘက်မှာလည်း အစိုးရတပ်ဘက်က မနက် ၅ နာရီခွဲကနေ ၁၁ နာရီလောက်ထိ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်ခတ်မှုတွေရှိနေ တယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်မှာ အသွားအလာ ရပ်ဆိုင်းနေပြီး နေ့စဉ်အသုံးပြုသွားလာနေတဲ့ ခရီးသွားနဲ့ အရေးပေါ်လူတွေ အခက်တွေ့နေရပါတယ်။ မြ၀တီ-ကော့ကရိတ် တောင်ပတ်လမ်းဟောင်းမှာ သွားလာမှုရှိနေပေမယ့် အစိုးတပ်ဘက်က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း မြ၀တီမြို့ခံတွေက ပြောပါတယ်။ အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေအကြား ကော့ကရိတ်မြို့အနီး တောင်ပတ်လမ်းသစ်မှာ ဇူလိုင် ၂ ရက်နေ့ မနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေတာပါ။ အာရှလမ်းမသစ်မှာ ချထားတဲ့ ဒီကေဘီအေဂိတ်တွေကို ပြီးခဲ့တဲ့တပတ်လောက်က ဖယ်ရှားပေးဖို့ ပြောဆိုရာကနေ အဆင်မပြေတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ “လက်ရှိ အာရှလမ်းမှာ ကျနော်တို့ကို ဖယ်ခိုင်းတယ်။ ကျနော်တို့ ဆောက်ထားတဲ့တဲတွေ ဖျက်ခိုင်းတယ်။ ထားတဲ့ ကတုတ်ကျင်းတွေ အဲဒါကို မမြင်ချင်ဘူး အဲလိုပြောတယ်။ ကျနော်တို့လည်း ကျနော်တို့လက်နဲ့ခြေနဲ့ လုပ်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်ထားတာ မဖျက်နိုင်ဘူး၊ ကျနော်တို့ အနေအထားကလည်း။ အဲဒီမှာ ဘာမပြောညာမပြောနဲ့ မနေ့မနက်မိုးလင်းမှာ သေနတ်သံတွေကြားတော့ ပထမဦးဆုံး တောပစ်တာပဲထင်နေတာ။ နောက်တော့ ကျကွဲတော့မှ လက်နက်ကြီးနဲ့ ပစ်ခံရတယ်ဆိုတာ သိရတာ။” မနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ ဒီကေဘီအေတပ်ဘက်က ၂ ဦးထိခိုက်ပြီး အစိုးရတပ်ဘက်က ၃ ဦး ထိခိုက်တယ်လို့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေအကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပေးဖို့ ရန်ကုန်မှာ ကျင်းပနေတဲ့ ကရင်အမျိုးသား အကြိုညီလာခံတက်နေတဲ့ ကိုယ်စားလှယ်တွေက နှစ်ဘက်ခေါင်းဆောင်တွေကို  ဒီကနေ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။
6 years Ago
Up