ဗိုလ်ချုပ်ရုပ်ရှင် နိုင်ငံတကာအဆင့် တက်လှမ်းနိုင်မည့် ရုပ်ရှင်ကားဖြစ်လာမည်ဟု လူမင်းပြော

July 1, 2018

ဗိုလ်ချုပ်ရုပ်ရှင် နိုင်ငံတကာအဆင့် တက်လှမ်းနိုင်မည့် ရုပ်ရှင်ကားဖြစ်လာမည်ဟု လူမင်းပြော

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဟာ ကျဆင်းနေတဲ့ မြန်မာ့ရုပ်ရှင်လောကအတွက် နိုင်ငံတကာ အဆင့် တက်လှမ်းနိုင်မယ့် ရုပ်ရှင်ကားတကားဖြစ်လာမယ်လို့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမင်းက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ပဉ္စမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၃၀ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပြီး အခုလိုပြောဆိုလိုက်တာပါ။ ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလူမင်းက “ကျနော်တို့ ဒီအောင်ဆန်းရုပ်ရှင်ဟာ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သလို ကျနော်တို့ ရုပ်ရှင်လောကအတွက်လည်း မှတ်တမ်းတင်ရမယ့် မြန်မာ့ရုပ်ရှင်ရဲ့အဆင့်အတန်းနဲ့ မြန်မာ့ ရုပ်ရှင်ရဲ့နိုင်ငံတကာကို တက်လှမ်းနိုင်တဲ့ တက်လှမ်းဖို့ ရှေ့ဆုံးကနေတိုက်ပွဲဝင်သွားမယ့် ရုပ်ရှင်ကားတကားလည်း ဖြစ်လာမှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာအတင့်မီနည်းပညာတွေနဲ့ အရင်ခေတ်ကလို ရိုက်ကူးမှာ ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ကလည်း လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေအပြင် တိုက်ပွဲတွေနဲ့ပတ်သက်လို့လည်း အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီကို အုပ်ချုပ်ထောက်ပံ့ရေး ဆပ်ကော်မတီ၊ ဇာတ်လမ်းဇာတ်ညွှန်းပြုစုရေးနှင့် ရိုက်ကူးတည်းဖြတ်ရေး ဆပ်ကော်မတီ၊ အနုပညာဖန်တီးရေးဆပ်ကော်မတီ၊ သမိုင်းအထောက်အထားစိစစ်ရေးဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေးနှင့် သတင်းပြန်ကြားရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းစိစစ်ရေးဆပ်ကော်မတီနှင့် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ(၇)ခု ဖွဲ့စည်းထားပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့ ဇာတ်ညွှန်းကို ဇူလိုင်လအတွင်း ပြီးမှာဖြစ်လို့ လာမယ့်သြဂုတ်လအတွင်းမှာ ရိုက်ကူးရေး စတင်နိုင်မယ်လို့လည်း သိရပါတယ်။
3 years Ago
Up