ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို ဝရမ်းပြေးအဖြစ် ပါကစ္စတန်တရားရုံး ကြေညာ

September 1, 2017

ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို ဝရမ်းပြေးအဖြစ် ပါကစ္စတန်တရားရုံး ကြေညာ

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုကို လုပ်ကြံမှုအတွက် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်ဇ် မူရှာရက်ဖ်ကို ဝရမ်းပြေးအဖြစ် ပါကစ္စတန်နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး တရားရုံးက သြဂုတ် ၃၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဝရမ်းပြေးတယောက်ဖြစ်လို့ မူရှာရက်ဖ် ပါကစ္စတန်ကို ပြန်လာခဲ့ရင် ဖမ်းဆီး တရားစွဲဆိုခံရမှာ ဖြစ်ပါတယ်။ သူ့ကို ၂၀၁၆ ခုနှစ်မှာ နိုင်ငံထဲက ထွက်ခွာခွင့် ပေးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံထဲမှာ ကျန်ရစ်တဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ တရားရုံးက အမိန့်ထုတ်ခဲ့ပါတယ်။ တခြား ရဲအရာရှိ ၂ ဦးကိုလည်း ဝန်ကြီးချုပ်ဟောင်း ဘူတိုရဲ့ စီတန်းလှည့်လည်ပွဲမှာ လုံခြုံရေးကိုင်တွယ်ပုံ မမှန်ကန်မှု၊ လုံခြုံရေး လစ်ဟာမှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ပြီး သူတို့တယောက်ချင်းကို ထောင်ဒဏ် ၁၇ နှစ်စီနဲ့ ပါကစ္စတန်ရူပီးငွေ ငါးသိန်းစီ ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။ သူတို့ဟာ ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးဝန်ထမ်းတွေကို ပထမဆုံးဖယ်ရှားတယ်၊ အဲဒီနောက် လုံခြုံရေး အရံအတားကို ချိုးဖျက်တယ်၊ ရဲအရာရှိ အတော်များများကို ဖယ်ရှားပြီး တခြားနေရာမှာ တာဝန်ချတယ်၊ လုပ်ကြံမှု ပြီးသွားချိန်မှာလည်း သက်သေမကျန်အောင် ဖောက်ဖျက်ဖို့ ရာဇဝတ်မှုဖြစ်တဲ့ နေရာကို တနာရီ မိနစ် ၄၀ အတွင်း အပြီး ဖျက်ဆီး ဆေးကြောပစ်ခဲ့တယ်လို့ နာမည်မဖော်တဲ့ ရှေ့နေတဦးက ပြောပါတယ်။ အစ္စလမ္မာဘတ်မြို့တော် အပြင်ဘက် ရာဝယ်ပင်ဒီမြို့က အကြမ်းဖက်မှုတိုက်ဖျက်ရေး တရားရုံးက ပါကစ္စတန် တာလီဘန်အဖြစ် စွပ်စွဲခံ ၅ ဦးကိုတော့ သက်သေမရှိတဲ့အတွက် အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး တရားသေ လွှတ်ပေးခဲ့ပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုဟာ ၂၀၀၇ ဒီဇင်ဘာ ၂၇ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
4 years Ago
Up