ဗိုလ်ချုပ်ပြတိုက်

July 19, 2019

ဗိုလ်ချုပ်ပြတိုက်အပေါ်ထပ် လေ့လာခွင့်ပြု

ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက်အာဇာနေ့မှာ ရန်ကုန်မြို့က ဗိုလ်ချုပ်ပြတိုက် အပေါ်ထပ်ကို တက်ရောက်လေ့လာခွင့်ပေးခဲ့ပါတယ်။ အရင်နှစ်က ကြံ့ခိုင်မှုအားနည်းလို့ ဗိုလ်ချုပ်ပြတိုက်အပေါ်ထပ်ကို တက်ရောက်ခွင့်ပိတ်ထားပြီး အခုနှစ်မှာတော့ ပြန်လည်ပြုပြင်ထားတာကြောင့် တကြိမ်ကို လူ ၅၀ နှုန်း တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ ပြတိုက်အပေါ်ထပ်မှာရှိတဲ့ ဗိုလ်ချုပ်အိပ်ခန်းကို ဝင်ရောက်လေ့လာဖို့ ခွင့်ပြုထားပြီး ဘေးမှာရှိတဲ့ ဗိုလ်ချုပ်စာဖတ်ခန်းကို အပြင်ကနေ လေ့လာခွင့်ပြုထားပါတယ်။ ဒါ့အပြင် ကလေးများအိပ်ခန်းကို ဝင်ရောက်လေ့လာခွင့်ပြုထားပေမယ့် အထူးအစည်းအဝေးခန်းမကို ပြင်ပကနေ ကြည့်ရှုလို့ရအောင်ဖွင့်လှစ်ထားပါတယ်။ ပြတိုက်အဝင်မှာ ဗိုလ်ချုပ်စီးနှင်းတဲ့ ကားပြသထားသလို ရှားပါးဓာတ်ပုံတွေနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေ၊ တံဆိပ်ခေါင်းတွေ ပြသထားပါတယ်။ ပြတိုက်အတွင်းမှာတော့ ဗိုလ်ချုပ် ရုပ်တုတွေ၊ ဗိုလ်ချုပ်တို့နေ့စဉ်နေထိုင်စားသောက်ပုံ ပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံတွေ၊ အဝတ်အစားတွေကို ခင်းကျင်းပြသထားပါတယ်။ ဗိုလ်ချုပ်ပြတိုက်အဆောက်အဦကို ၁၉၂၁ခုနှစ်မှာ ဆောက်လုပ်ခဲ့ပြီး အနောက်တိုင်း ဗိသုကာဟန် ရောနှောတည်ဆောက်ထားတဲ့ ၂၀ ရာစု ဥရောပပုံစံဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိပြတိုက်ဖွင့်လှစ်ထားတဲ့ နေအိမ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ   မိသားစုနဲ့အတူ ၁၉၄၅ ခုနှစ် မေလကနေ ၁၉၄၇ခုနှစ် ဇူလိုင်လထိ ၂နှစ်တာ နေထိုင်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - စိုးမိုးအောင်  
2 years Ago

July 21, 2018

ဗိုလ်ချုပ်ပြတိုက်ကို လာရောက်ကြည့်ရှုသူ များပြား

ဗိုလ်ချုပ်ပြတိုက်ကို အာဇာနည်နေ့ကစပြီး အထူးပြသထားတဲ့ ၃ ရက်အတွင်း လာရောက်ကြည့်ရှုသူများတယ်လို့ ပြတိုက်တာဝန်ခံတဦးက ပြောပါတယ်။ ၇၁ နှစ်မြောက်အာဇာနည်နေ့ကစပြီး ဇူလိုင် ၂၁ ရက်နေ့အထိ ပြည်တွင်းပြည်ပလေ့လာသူတွေအတွက် အခမဲ့အထူးပြသထားတာပါ။ အာဇာနည်နေ့မှာ လာရောက်ကြည့်ရှုသူ ၂၀၁၆၅ ဦး၊ ဇူလိုင် ၂၀ ရက်နေ့မှာ ၂၅၀၀ နဲ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအထိ လာရောက်ကြည့်ရှုသူ ၁၅၀၀ ကျော်ရှိတယ်လို့ တာဝန်ရှိသူတဦးကပြောပါတယ်။ အထူးပြသထားတဲ့ ၃ ရက်အတွင်း ဗိုလ်ချုပ်တို့မိသားစုနေတဲ့ အပေါ်ထပ်အိပ်ခန်းကို တက်ရောက်ခွင့် ခေတ္တပိတ်ထားပြီး LED ဘုတ်တွေနဲ့ပြသထားပါတယ်။ ၃ ရက်အတွင်း ပြတိုက်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားတာပါ။ ပြတိုက်ကို အပတ်စဉ် တနင်္လာနေ့နဲ့ပြန်တမ်းဝင်ရုံးပိတ်ရက်တွေပဲ ပိတ်ပြီး နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပါတယ်။ ပြတိုက်ကို လာရောက်လေ့လာသူတွေအတွက် အခမဲ့ကြည့်ရှုနိုင်ပြီး နိုင်ငံခြားသားတဦးကိုတော့ ငွေကျပ် ၅၀၀၀ ကောက်ခံတယ်လို့ ဆိုပါတယ်။
3 years Ago
Up