ဗိုလ်ချုပ်ကြေးရုပ်

February 9, 2019

ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်ဆန္ဒပြ ကရင်​နီလူငယ်​များ ဟစ်တိုင်အသုံးပြုခွင့်ရရှိ

ကရင်​နီပြည်​လူငယ်​များအင်​အားစုက လူငယ်​​တွေဟာ ဗိုလ်​ချုပ်​​ကြေးရုပ်​ ကန့်ကွက်ဆန္ဒပြပွဲကို လွှတ်တော်ဟစ်​တိုင်မှာ ​အသုံးပြုခွင့်​ရ​ရှိခဲ့ကြပါတယ်။ ဒီက​နေ့ည​နေပိုင်းက လွှတ်​​တော်​ဥက္ကဋ္ဌ ဦးလှ​ထွေးနဲ့ ​တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး အသုံးပြုခွင့် ရရှိခဲ့ကြတာလို့ ​တွေ့ဆုံပွဲမှာပါဝင်တဲ့ ကရင်​နီပြည်​လူငယ်​အင်​အားစုရဲ့ ​ပြောခွင့်ရသူ ကိုဒီးဒီစစ်​မုန်းက ပြောပါတယ်။ "မ​နေ့ညက ကျ​နော်​တို့ ရှင်းရှင်းလင်းလင်းမသိရ​တော့ ကျ​နော်​တို့ ဒီရက်​ထပ်​သွားတာ​ပေါ့​နော်​။ ဒီရက်​​တော့ ခွင့်ပြုလိုက်​ပါတယ်​။ ခွင့်​ပြုချက်​ထဲမှာ​တော့ သက်​ဆိုင်​ရာ လုပ်​ထုံးလုပ်​နည်းအညီ သူကခွင့်​ပြုလိုက်​တယ်​ဆိုတဲ့အ​ကြောင်း စာနဲ့တကွ ခွင့်​ပြုလိုက်​တာပါ" လို့​ပြောပါတယ်​။ ကရင်​နီပြည်​လူငယ်​အင်​အားစုအ​နေနဲ့ ဗိုလ်​ချုပ်​​ကြေးရုပ်​ကန့်​ကွက်​တာကို အများပြည်​သူသိတဲ့ ​နေရာ​တွေမှာ ပြုလုပ်​ခဲ့​ပေမယ့် ဖမ်းဆီးအ​ရေးယူတာ​တွေ ရှိ​တာ​ကြောင့် ဟစ်​တိုင်​ကို အသုံးပြုဖို့ ​ရွေးချယ်​ရတာလို့ သူက ဆိုပါတယ်​။ အဆိုပါဟစ်​တိုင်​က​နေ ဗိုလ်​ချုပ်​​ကြေးရုပ်​တု ​ရွှေ့​ပြောင်း​ပေး​ရေး၊ တရားစွဲဆိုမှု​တွေကို ရုပ်​သိမ်း​ပေး​ရေးနဲ့ ဗိုလ်​ချုပ်​​ကြေးရုပ် ​စိုက်​ထူတာနဲ့ပတ်​သက်​လို့ ပြည်​သူလူထု ဆန္ဒခံယူ​ရေး စတဲ့ အချက်​​တွေကို ​အဓိက​တောင်းဆိုသွားမယ်​လို့ ဆိုပါတယ်​။ ဟစ်​တိုင်​ကို သွားမယ့်လမ်း​ကြောင်းဟာ ပြည်​နယ်​အစိုးရရဲ့ ​ဒေသန္တရအမိန့်​အရ ကန့်​သတ်​နယ်​​မြေ​ဖြစ်​​နေတာ​ကြောင့် ပြည်နယ်​​ရဲတာဝန်​ရှိ​တွေနဲ့ ညှိနှိုင်းသွားမှာဖြစ်​ပြီး စတင်​အသုံးပြုမယ့်ရက်​ကို ထုတ်​ပြန်​သွားမယ်​လို့ ဆိုပါတယ်​။ ကရင်​နီပြည်​လူငယ်​အင်​အားစု​က လူငယ်​​တွေဟာ ဟစ်​တိုင်​ကို အကန့်​အသတ်​မရှိဘဲ ​တောင်းဆိုချက်​​တွေ ​ပြေလည်​တဲ့အထိ အသုံးပြုသွားမှာ ဖြစ်​ပါတယ်​။ ကယား (ကရင်​နီ) ပြည်​နယ်​ လွိုင်​​ကော်​မြို့ရှိ ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ပြီးခဲ့တဲ့ ၂ ရက်​​နေ့က ဗိုလ်​ချုပ်​​ကြေးရုပ် ​စိုက်​ထူဖွင့်လှစ်​တာ​ကြောင့် ကရင်​နီလူငယ်​​တွေရဲ့ ဆန့်​ကျင်​ကန့်​ကွက်​တဲ့ လှုပ်​ရှားမှု​တွေ ဆက်​တိုက်​ဖြစ်​​ပေါ်လာခဲ့တာပါ။ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကန့်​ကွက်​တဲ့ ကရင်​နီလူငယ်​ ၅၅ ဦးဟာ ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ ၁၉၊ ၂၀ အပြင်​ ရာဇသတ်​ကြီး ပုဒ်​မ ၅၀၅ ခ၊ ဂ တို့နဲ့ပါ တရားစွဲဆိုခံထားရပြီး အမှုရင်​ဆိုင်​​နေကြရပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
2 years Ago

February 8, 2019

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက် သပိတ်စခန်းဖွင့်သည့် ကရင်နီလူငယ် ၁၀ ဦး ထပ်မံဖမ်းဆီးခံရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့အန်အယ်လ်ဒီပါတီ ပြည်နယ်ရုံးရှေ့မှာ သပိတ်စခန်းဖွင့် ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်နေကြတဲ့ ကရင်နီလူငယ် ၁၀ ဦးကို  ဒီမနက်က ပြည်နယ်ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ အခုလို ထပ်မံဖမ်းဆီးခံရတဲ့အပေါ် သပိတ်ကော်မတီ ပြောခွင့်ရသူ ကိုဒီးဒီစစ်မုန်းက “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော၊ လူငယ်တွေရော မနေ့ညက ကျနော်တို့နဲ့ စကားလာပြောတယ်။ ရပ်ကွက်လူငယ်တွေကို ကျနော်တို့ နားလည်အောင်ပြောထားတယ်။ ဒီအပေါ်မှာလည်း သူတို့က မလိုလားတဲ့ အရိပ်အယောင်မပြဘူး။ သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို စာတင်တဲ့အထဲမှာ ကျောင်းကို အနှောင့်အယှက်ဖြစ်တယ်။ ရပ်ကွက်နေပြည်သူတွေကို အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ တိုင်တန်းစာပုံစံ အဲ့လိုလုပ်တယ်။ အဓိက အဲ့စာကို ကိုင်ပြီးတော့မှ ကျနော်တို့ကို လာပြောပြီးတော့မှ လူ ၁၀ ဦးကို ဖမ်းသွားတာ” လို့ ပြောပါတယ်။ ကရင်နီပြည်လူငယ်အင်အားစုရဲ့ သပိတ်စခန်းဖွင့်လှစ်ထားတဲ့နေရာဟာ အန်အယ်လ်ဒီ ပြည်နယ်ရုံးရှေ့မှာဆိုပေမယ့် အ.ထ.က (၄) စာသင်ကျောင်းနဲ့ မနီးမဝေးမှာရှိတာကြောင့် ကျောင်းအုပ်နဲ့တွေဆုံခဲ့ပြီး စာမေးပွဲကို အနှောင့်အယှက်ဖြစ်အောင်လုပ်မှာမဟုတ်ဘူးလို့ ကတိပေးပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ မနေ့ညကလည်း အဆိုပါသပိတ်စခန်းကို ပြည်နယ်ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပြီး ကရင်နီလူငယ် ၃၆ ဦးကို ဖမ်းဆီးခဲ့ကာ  အဲဒီညမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ ကရင်နီလူငယ်တွေနဲ့ အခြားကရင်နီလူငယ်တွေက အဆိုပါညမှာပဲ တကျော့ပြန် သပိတ်စခန်းကို ပြန်ဖွင့်ခဲ့တာကြောင့် ဒီမနက် ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရတဲ့အထဲမှာ သတင်းမှတ်တမ်းရိုက်ကူးရယူနေတဲ့ လူမှုအသင်းအဖွဲ့တွေက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ သုံးဦးလည်းပါဝင်ပြီး ဖမ်းဆီးခံရသူ အားလုံးကို လွိုင်ကော်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်လှုပ်ရှားနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်ပေါင်း ၅၄ ဦးအထိ တရားစွဲဆိုခံထားရပေမယ့် ကန့်ကွက်လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ကရင်နီပြည်လူငယ်တွေဟာ ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းပေးရေး၊ ဒီကိစ္စအပေါ် အန်အယ်လ်ဒီပါတီက တာဝန်ယူဖြေရှင်းပေးရေးနဲ့ ကြေးရုပ်စိုက်ထူဖို့ လူထုဆန္ဒခံပွဲကျင်းပပေးဖို့ စတဲ့ အချက် ၃ ချက်ကို တောင်းဆိုထားပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူအပြီးမှာတော့ ကရင်နီလူငယ်တွေရဲ့ ကန့်ကွက် လှုပ်ရှားမှုတွေ ပိုပြီး ပြင်းထန်လာတာဖြစ်ပါတယ်။ သတင်း၊ ဓါတ်ပုံ- ခွန်းတူးတူးလေး
2 years Ago
More News
Up