ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု

July 2, 2018

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး တပ်မတော်က ကူညီမည်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် တပ်မတော်က ကူညီမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောဆို လိုက်တာပါ။ ဗိုလ်ချုပ် ရုပ်ရှင်ရိုက်ကူးတဲ့အခါ သမိုင်းအထောက်အထား မှန်ကန်ပြည့်စုံဖို့အတွက် တပ်မတော်က ဗိုလ်မှူးတဦးကို ကိုယ်စားလှယ်အဖြစ် ထည့်ပေးထားပြီး လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရိုက်ကူးတဲ့အခါ တိုက်ပွဲတွေအတွက် စစ်သဘောတရားအရာ ဖြစ်တဲ့နေရာပေါ် မူတည်ပြီး တိုက်ပွဲအမျိုးအစားနဲ့ နေရာဒေသတွေ ရွေးချယ်ဖို့ တပ်မတော်က ဇာတ်ညွှန်း တောင်းဆိုထားတာလည်း ရှိပါတယ်။ အရင်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ ဆောင်ရွက်ခဲ့ပေမယ့် လိုအပ်တဲ့ ငွေကြေး မပြည့်မီတာ၊ ပြီးပြည့်စုံတဲ့ အထောက်အပံ့တွေ မရခဲ့တာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဇာတ်ညွှန်းရေးဆရာ ဦးမင်းထင်ကိုကိုကြီးက ပြောပါတယ်။ လက်ရှိ ဗိုလ်ချုပ် ရုပ်ရှင် ရိုက်ကူးရေးမှာတော့ အရင်က မရခဲ့ဖူးတဲ့ အထောက်အပံ့တွေ အများကြီးရခဲ့တယ်လို့ ဇာတ်ညွှန်းရေးဆရာက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လာမယ့် သြဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပမှာဖြစ်ပြီး ရိုက်ကူးရေးအတွက် စတင်ဖို့တွေ လုပ်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် ကိုကျော်ကျော်မျိုးကို အင်္ဂလိပ်စာနဲ့ ဂျပန်ဘာသာစကား သင်ကြားပေးတာ၊ မြင်းစီးကျွမ်းကျင်ဖို့ သင်ကြားပေးနေပါတယ်။
3 years Ago

April 27, 2018

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ရွှေဒင်္ဂါးများ ဗဟိုဘဏ်ရောင်းချပေးမည်

မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းချပေးသွားဖို့ ရှိနေပါတယ်။ ရောင်းချမယ့် တစ်မတ်သား ရွှေဒင်္ဂါးဟာ အချင်း ၁၈ ဒသမ သုည မီလီမီတာ၊ အထူ ၁ ဒသမ သုည မီလီမီတာရှိပြီး ဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံအောက်မှာ Aung San အမည်ပါရှိတယ်လို့ ဆိုပါတယ်။ ဒင်္ဂါးရဲ့အနားပတ်လည်မှာ "Central Bank of Myanmar"၊ "4.082 gm 999.9 Fine Gold"လို့ အင်္ဂလိပ်စာလုံးနဲ့ ဖော်ပြထားပြီး အခြားတစ်ဖက် မျက်နှာပြင်မှာ ''မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂ဝ၁၈၊ ၁ မတ်သား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေ''လို့  မြန်မာစာလုံးနဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။ တစ်မတ်သား ရွှေဒင်္ဂါး ဝယ်ယူတဲ့အခါ ရွှေဒင်္ဂါးပြားနဲ့အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ သွန်းလောင်းတဲ့ ဌာနအကြီးအကဲတို့ရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်တွေလည်း တစ်ပေါင်းတည်း ပါရှိမယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ တစ်မတ်သား ရွှေဒင်္ဂါးပြားတွေကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အရောင်းဆိုင်တွေမှာ နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နဲ့ ကုန်ကျစရိတ် ကျပ် ၁၂၅ဝဝ ထပ်ပေါင်းဈေးနှုန်းနဲ့  ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ  တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါး အမျိုးအစား သုံးမျိုးကို  ၁၉၉၁ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့တာပါ။ တစ်ကျပ်သား ရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ သစ်ဆွဲနေတဲ့  ဆင်ပုံတွေ သွန်းလောင်းထုတ်ဝေခဲ့တာဖြစ်ပြီး ခုအခါ တစ်မတ်သားရွှေဒင်္ဂါးတွေ လက်ကျန်မရှိတော့လို့ ဗိုလ်ချုပ်ရုပ်ပုံပါ ပုံစံသစ်နဲ့ အသစ်သွန်းလောင်း ထုတ်ဝေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-ကြေးမုံ
3 years Ago
Up