ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရုံးခန်းဖွင့်လှစ်

May 3, 2018

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည် တည်းဖြတ်နေ

  ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်တည်းဖြတ်နေတာ တ၀က်လောက် ပြီးသွားဖြစ်တယ်လို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော်ရှိ MICC II မှာ ပြုလုပ်တဲ့ အာဆီယံစာကြည့်တိုက်မှူးများညီလာခံမှာ မီ ဒီယာတွေရဲ့ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ဖြေဆိုတာပါ။ အစိုးရသစ်လက်ထက်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အောက်ရှိ မြန်မာ သမိုင်းကော်မရှင်အဖွဲ့က လွတ်လပ်ရေးရပြီးကတည်းက ခေတ်အဆက်ဆက် ရေးသားပြုစု ခဲ့ပေမယ့် မပြီးသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ရေးအတ္ထုပ္ပတ္တိသမိုင်းစာအုပ်ကို ၆ လနဲ့ အပြီးပြန်ရေးခဲ့တာ တစ်နှစ်လောက်ရှိတဲ့အခါ မူကြမ်းပြီးသွားပြီလို့ သူရဦးအောင်ကိုက ပြောပါတယ်။ “ပြီးတဲ့အခါမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြထားပါတယ်။ သူကလည်း တစ်ပိုဒ်ချင်း၊ တစ်မျက်နှာချင်းကို အသေးစိတ်ဖတ်ပြီးမှာ တည်းဖြတ်နေပါတယ်။ လိုတာရှိလည်း သူကမှတ်ချက်ရေးပေးပါတယ်။ သို့သော် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ လုပ်ငန်းတာဝန်များတဲ့အတွက် ဒီနေ့ထိ ဗိုလ်ချုပ်အထ္ထုပ္ပတ္တိသမိုင်းကို တည်းဖြတ်တဲ့နေရာမှာ တစ်ဝက်လောက်ပဲ ပြီးသေးတယ်လို့ သိရပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိရုပ်ရှင်ကားအတွက် ကုန်ကျစရိတ် ကျပ် ၃ ဘီလီယံလောက်ရှိတာကို ၁ဘီလီယံခွဲလောက်နဲ့ ဇာတ်ညွန်းကို ပြန်ချုံ့ပြီးတော့ ရိုက်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ လာမယ့် ဇွန်လမှာ ဇာတ်ညွန်းရေးတာပြီးမှာဖြစ်ပြီး ဆက်တင်တွေ တည်ဆောက်တာကို ၂၀၁၈ ခုနှစ်အကုန် ၂၀၁၉ ခုနှစ်အစလောက်မှာ အပြီးလုပ်မယ်၊ ဇာတ်ကားကို ၂၀၁၉ ဒီဇင်ဘာ မကုန်ခင် အပြီးရိုက်ကူးသွားမှာဖြစ်ပြီး ဒီနောက်ပိုင်းမှာ ဇာတ်ကားရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့လည်း သူရဦးအောင်ကိုက ပြောပါတယ်။
4 years Ago

April 25, 2018

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်အတွက် အလှူငွေကျပ်သိန်း ၁သောင်းကျော်ရရှိ

  ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူး၊ ထုတ်လုပ်၊ ပြသရေးနိုင်ရေးအတွက်  အလှူငွေ ကျပ်သိန်း တစ်သောင်းကျော်ရရှိထားပြီဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ယခင်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းငွေ ကျပ် ၈၄၇၂ သိန်း၊ ပထမအကြိမ်လှူဒါန်းရရှိငွေ ကျပ် ၂၇၀၅ သိန်းနဲ့ နောက်ထပ် လှူဒါန်းငွေ ကျပ် ၄၀၀ သိန်း စုစုပေါင်းလှူဒါန်းရရှိငွေမှာ ကျပ် ၁၁၅၇၇ သိန်း ရရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဧပြီ ၂၄ရက်က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပတဲ့ ဒုတိယအကြိမ် လှူဒါန်းငွေ ပေးအပ်ပွဲမှာလည်း အလှူငွေ စုစုပေါင်း ငွေကျပ် သိန်း ၇၄၀ ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ၂၀၁၉ ခုနှစ်မှာ အပြီးရိုက်ကူးပြီး ၂၀၂၀ ပြည့်နှစ်မှာ စတင်ရုံတင်ပြသနိုင်ဖို့ ကြိုးပမ်းနေတယ်လို့  ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကပြောထားပါတယ်။ ဓာတ်ပုံ-MOI
4 years Ago
Up