ဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်နိုင်ရေး

May 6, 2020

ဗိုင်းရပ်စ်နဲ့ အတူ ယှဉ်တွဲနေထိုင်နိုင်ရေး

ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားနိုင်တဲ့ ဆေးပေါ်ဖို့ လပေါင်း အတန်ကြာ စောင့်ရပါဦးမယ်။ ဒီကြားထဲ အလုံးစုံ ပိတ်ထားဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေနဲ့ ဗိုင်းရပ်စ် အတူ ယှဉ်တွဲနေထိုင်တာကလွဲလို့ တခြားရွေးစရာလမ်းမရှိပါဘူး။ ဒါကို ပုံမှန်အခြေအနေသစ် (new normal) လို့ ပြောလာကြပါတယ်။ ပုံမှန်အခြေအနေသစ်ဟာ လပေါင်း အတန်ကြာ၊ သို့မဟုတ် နှစ်ပေါက် နိုင်ပါတယ်။ ဗျူဟာ ၃ မျိုး ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ နိုင်ငံတွေက တုံ့ပြန်ပုံ သုံးမျိုးတွေ့ရပါတယ်။ ဗိုင်းရပ်စ်ကို လုံးဝ အမြစ်ပြတ်ပပျောက်သွားအောင် နှိမ်နင်းတဲ့နည်း၊ ကိုယ်ခံအားစနစ်နဲ့ ပြန်လည်ခုခံဖို့ ကြိုးစားတဲ့ နည်းလမ်းနဲ့ ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမပေါ်ခင်အထိ ကူးစက်မှုကို ထိန်းထားမယ့် နည်းလမ်းတို့ ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးလွန်းတဲ့ ပထမ နည်းလမ်းကို ရွေးချယ်တာက နယူးဇီလန်ဖြစ်ပါတယ်။ လေးပတ်ကြာတဲ့ lockdown အမိန့်ကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ ရည်မှန်းချက် ပြည့်မြောက်ခဲ့ပြီလို့ နယူးဇီလန် အစိုးရက ကြေညာခဲ့ပါတယ်။ တစ်နိုင်ငံလုံးကို ချက်ချင်း ပြန်မဖွင့်နိုင်ပေမယ့် တိုင်းပြည် စီးပွားရေးရဲ့လေးပုံသုံးပုံ ပြန်လည် လည်ပတ်နိုင်ပါတယ်။ နယူးဇီလန်ကို အားကျတာက သြစတြေးလျ ဖြစ်ပါတယ်။ ဒီနည်းလမ်းက နယူးဇီလန်လို ကျွန်းနိင်ငံလေး အတွက်တော့ ဖြစ်နိုင်ပေမယ့် ပိုပြီးကျယ်ဝန်းပြီး လူဦးရေ များတဲ့ သြစတြေးလျလို နိုင်ငံတွေအတွက်တော့ မလွယ်ကူပါဘူး။ တချို့ နိုင်ငံတွေကတော့ ကိုယ်ခံအားစနစ်နဲ့ ပြန်လည်ခုခံတဲ့ နည်းလမ်းကို သိသိသာသာ (တချို့လည်း မသိမသာ ) ရွေးချယ်ကြပါတယ်။ သဘောကတော့ လူဦးရေရဲ့ ရာခိုင်နှုန်း အတော်များများကို ဗိုင်းရပ်စ် ကူးစက်ခံပြီး ပြန်လည်နေကောင်းလာကြမယ်ဆိုရင် ကိုယ်တွင်း ခုခံအား အဆင့်တခု တက်လာပြီး ရောဂါဟာ တောမီးလို အရှိန်နဲ့ ကူးစက်စရာ မရှိတော့ဘူးလို့ ယူဆကြပါတယ်။ ဆွီဒင်က ဒီနည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဂျပန်ကလည်း ဒီနည်းလမ်းကို ရွေးချယ်တဲ့ သဘောမျိုးပဲ ရှိပါတယ်။ ဘရာဇီး၊ အိန္ဒိယ၊ အာဖရိက၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ လက်တင် အမေရိကန်ကတို့ကလည်း ဒီလမ်းကြောင်းကို ရွေးကြပါတယ်။ ဒီဗျူဟာအတိုင်း သွားမယ်ဆိုရင် ဗိုင်းရပ်စ်ရဲ့ကူးစက်နိင်စွမ်း (R0) ၂ ဒသမ ၅ နဲ့ တွက်ရင် ဒီနိုင်ငံတွေမှာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကို ရောဂါကူးစက်ပြီးမှ အောင်မြင်ပါလိမ့်မယ်။ အကယ်၍ ကူးစက်နိုင်စွမ်းက ၂ ဒသမ ၅ ထက် ပိုမြင့်မားရင် ရောဂါကူးစက်ဖို့ လိုအပ်တဲ့ လူဦးရေက ၆၀ ရာခိုင်နှုန်းထက် ပိုလာပါလိမ့်မယ်။ ဒီနည်းလမ်းနဲ့ အောင်မြင်မလား အကဲဖြတ်ဖို့ ဆိုရင် နောက်ထပ် လူသန်းထောင်ချီ ရောဂါကူးစက်ခံပြီး စောင့်ရမယ့် သဘောရှိပါတယ်။ အများစိတ်ဝင်စားခံရတဲ့ ဆွီဒင်မှာ လူအသေအပျောက်ဟာ အနားက နိုင်ငံတွေထက် ပိုများပါတယ်။ သေနှုန်းဟာလည်း အမေရိကန်ထက်တောင် ပိုမြင့်ပါတယ်။ အခုဆိုရင် လူပေါင်း ၂၆၀၀ ကျော် သေဆုံးပြီး၊ လူပေါင်း ၂၀၀၀၀ ကျော် ကူးစက်ခံရတဲ့အခါမှာတော့ ဆွီဒစ် ပညာရှင်အသိုင်းအဝိုင်းမှာ လမ်းကြောင်းပြောင်းဖို့ စဉ်းစားလာကြပါတယ်။ ရောဂါကို ကိုယ်ခံအားနဲ့ ပြန်ခုခံတဲ့စနစ်မှာ ကိုယ်ခံအားဆိုတာ ဘယ်လောက်ကြာကြာ ကိုယ်ခံအားကို ပြောသလဲ။ ကိုယ်ခံအားစနစ်က ရောဂါကို ဘယ်အခြေအနေအထိ ကာကွယ်ပေးနိုင်သလဲ။ ရောဂါ တခါ ဖြစ်ဖူးပြီး ကိုယ်ခံအားနဲ့ ပြန်ကောင်းသွားရင်ရော နောက်ထပ် ပြန်မဖြစ်တော့ဘူးလား။ စသဖြင့် မေးခွန်းတွေ အများကြီးရှိပါတယ်။ ဒီဗျူဟာကို ကျင့်သုံးဖို့ ဆိုရင် အိန္ဒိယလိုမျိုး လူငယ် ဦးရေများတဲ့ နိုင်ငံတွေအတွက်လည်း မလွယ်ပါဘူး။ အိန္ဒိယ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၄၄ နှစ် အောက်တွေ ဆိုပေမယ့် အိန္ဒိယမှာ အသက် ၄၅ နဲ့ ၅၄ နှစ်ကြား လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း၊ အသက် ၂၀ ကနေ ၄၄ နှစ်ကြား လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းဟာ သွေးတိုး ရှိကြပါတယ်။ အသက် ၁၅ နှစ်နဲ့ ၄၄ နှစ်ကြား လူဦးရေရဲ့ ၄ ရာခိုင်နှုန်းဟာလည်း အဝလွန်ရောဂါ ရှိနေပြန်ပါတယ်။ HIVနဲ့ အသက်ရှင်နေသူ နှစ်သန်းလည်း ရှိနေပါတယ်။ အသက်ရူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ရှိသူတွေကလည်း အရွယ်ရောက်သူထဲမှာ၃ ရာခိုင်နှုန်း၊ အရွယ်ရောက်သူရဲ့ သုံးပုံတစ်ပုံက ဆေးလိပ်သောက်ကြပါတယ်။ နောက်တစ်ချက်ကတော့ ဒီလိုကိုယ်ခံအားနဲ့ ခုခံတဲ့ စနစ်ကို ကျင့်သုံးဖို့ ဆိုရင် လူနာအများကြီးကို တပြိုင်တည်းဆေးကုပေးနိုင်တဲ့ ဆေးရုံကုတင်နဲ့ ကျန်းမာရေးဝန်ထမ်းအင်အား အလုံအလောက် ရှိဖို့ လိုအပ်ပြန်ပါတယ်။ လူငယ်တွေကလည်းများမှ၊ ကျန်းမာရေးစနစ်ကလည်း ရေပက်မဝင်ဖြစ်တောင်မသေချာပါဘူး။ ဆွီဒင်လို နိုင်ငံမျိုးမှာတောင် သေနှုန်းက ၅ ဒသမ ၈ ရာခိုင်နှုန်း ရှိလို့၊ တရုတ်နိုင်ငံ ဝူဟန်မြို့က သေနှုန်း ၅ ဒသမ ၅ ထက် ပိုဆိုးသွားတာ တွေ့ရပါတယ်။ ဧပြီလကုန်အထိ လူသေစာရင်းကို အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဆွီဒင် ၂၄၆၂၊ နော်ဝေ ၂၀၇၊ ဖင်လန် ၂၀၆၊ ဒိန်းမတ် ၄၄၃ ဖြစ်နေတာကို တွေ့ရပါတယ်။ သေနှုန်းချင်း နှိုင်းယှဉ်ရင်လည်း နော်ဝေက ၂ ဒသမ ၆ ၊ ဖင်လန်က ၄ ဒသမ ၂ ၊ ဒိန်းမတ်က ၄ ဒသမ ၉ အသီးသီး ရှိပါတယ်။ တတိယဗျူဟာက ကူးစက်မှုကို တတ်နိုင်သလောက် ထိန်းထားတဲ့နည်းလမ်း ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနဲ့ ဥရောပ (ဆွီဒင်မပါ) တို့ရဲ့ နည်းလမ်းဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ Lockdown ဗျူဟာကြောင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပါတယ်။ တရုတ်နည်းလမ်းကတော့ တင်းကြပ်တဲ့ ပိတ်ဆို့မှုနဲ့ ရောဂါကူးစက်မှုကို မြန်မြန်ထိန်းနိုင်ခဲ့ပြီး၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကတော့ အစိုးရရဲ့ထိထိရောက်ရောက် ဦးဆောင်မှု၊ ပြည်သူလူထုရဲ့ပ ပူးပေါင်းဆောင်ရွက်မှုတို့နဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီနည်းလမ်းတွေမှာတော့ စီးပွားရေးကို အထိခိုက်ခံပြီး ရောဂါကူးစက်မှုကို နှေးသွားအောင် ဇောင်းပေးလုပ်တဲ့နည်းနဲ့ စီးပွားရေး ထိခိုက်မှုနဲ့ ရောဂါကူးစက်မှုတို့ကို အနည်းဆုံး ဖြစ်အောင် ချိန်ဆပြီး ဗျူဟာခင်းတဲ့ နည်းလမ်း ဆိုပြီး ခွဲခြားလို့ ရနိုင်ပါတယ်။ မြန်မာပြည်ဟာ တင်းကြပ်တဲ့ ပိတ်ဆို့မှု နည်းလမ်းတွေကို ရှောင်ပြီး အလယ်အလတ် နည်းလမ်းကို သတိနဲ့ ကျင့်သုံးတာတွေ့ရပါတယ်။ တင်းကြပ်မှုတွေ ဖြေလျော့ချိန် ပိတ်ဆို့မှုတွေ ချမှတ်ရတာ မလွယ်ကူသလို ပြန်ဖွင့်ဖို့ကလည်း အစိုးရတွေအတွက် အတော်ချိန်ဆရပါတယ်။ မေလဆန်းမှာ အမေရိကန်ပြည်ထောင်စုကနေ ဥရောပ၊ အာရှတို့မှာ တင်းကြပ်မှုတချို့ကို စတင်ပြီး လျော့ပေါ့ ပေးလာတာ တွေ့လာရပါတယ်။ ဒါပေမယ့် အကန့်အသတ်တွေကတော့ ရှိနေဆဲ၊ နည်းလမ်းတွေမှာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြပါဘူး။ အကြမ်းအားဖြင့် နှစ်မျိုး ခွဲကြည့်ရင် စီးပွားရေးကဏ္ဍအလိုက် တဖြည်းဖြည်းချင်း ပြန်ဖွင့်တာနဲ့ ပထဝီ ဒေသ တစ်ခုချင်းစီ တဖြည်းဖြည်းချင်းပြန်ဖွင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အီတလီ အီတလီဟာ တင်းကြပ်တဲ့ ကန့်သတ်မှုတွေကို ချမှတ်ခဲ့ပြီး မေလ ၄ ရက်နေ့ကစလို့ ပြန်ဖွင့်ဖို့ ကြေညာထားပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ ပန်းခြံတွေမှာ အနားယူခွင့်၊ နာရေးအခမ်းအနားတွေကို တက်ရောက်ခွင့်ရရှိကြမှာဖြစ်ပါတယ်။ ဒါပေမယ့် နာရေး အခမ်းအနားမှာတောင် လူ ၁၅ ယောက်ထက် မပိုရ၊ အဆောက်အအုံတွေရဲ့အပြင်ဘက်မှာပဲ ကျင်းပခွင့်ပြုပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ လက်ကား ဆိုင်တွေ၊ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုပေမယ့် အရက်ဘားတွေနဲ့ စားသောက်ဆိုင်တွေကတော့ ပါဆယ်ပဲ ခွင့်ပြုပါတယ်။ ဒီလို ဖွင့်ထားရင်းနဲ့ ကူးစက်မှု အခြေအနေကို ဆိုးမလာဘူးဆိုရင်တော့ မေလ ၁၈ ရက်နေ့ကစလို့ လက်လီဆိုင်တွေ၊ ပြခန်းတွေကို ပြန်ဖွင့်ခွင့်ပြုပါမယ်။ လူအများနဲ့ကစားရတဲ့ အားကစာနည်းတွေ (ဥပမာ ဘောလုံး) တွေကိုလည်း လေ့ကျင့်ခွင့် ပေးပါမယ်။ နာမည်ကြီး စီးရီးအေ ဘောလုံးပြိုင်ပွဲတွေကို ဘယ်တော့ ပြန်စနိုင်မလဲဆိုတာကိုတော့ ဆွေးနွေးနိုင်တဲ့ အဆင့်မရှိသေးပါဘူး။ အခြေအနေတွေ ပိုဆိုးမသွားဘူးဆိုရင် ဇွန်လ ၁ ရက်နေ့ ရောက်တဲ့အခါ ဆံပင်ညှပ်ဆိုင်တွေ၊ အလှပြင်ခမ်းမတွေကို ပြန်ဖွင့်လာနိုင်ပါတယ်။ စားသောက်ဆိုင်တွေမှာ ပုံမှန်စားသောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ကျောင်းတွေကတော့ စက်တင်ဘာလရောက်မှ ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။ အမေရိကား အဆင့် သုံးဆင့်နဲ့ ဖြည်းဖြည်းချင်း ပြန်ဖွင့်ဖို့ သမ္မတက လမ်းညွန်ထားပါတယ်။ ပထမဆုံး အဆင့်မှာ အားကစားရုံတွေ၊ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ပါမယ်။ ဒါပေမယ့် လူအချင်းချင်း အနည်းဆုံး ၆ ပေခွာရမှာ ဖြစ်ပြီး လူ ၁၀ ယောက်ထက် ပိုပြီး စုဝေးခွင့် မရှိပါဘူး။ ဒုတိယ အဆင့်မှာတော့ ကျောင်းတွေ၊ အရက်ဘားတွေကို အကန့်အသတ်နဲ့ ပြန်ဖွင့်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒီလို ပြန်ဖွင့်လိုက်ရင်းနဲ့ ကူးစက်မှုတွေ ဆက်လက် လျော့ကျ နေမှာသာ လူတွေကို အလုပ်လုပ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက စာရွက်ပေါ်က အစီအစဉ် ဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေကို ကြည့်ပြီး တင်းကြပ်တာတွေ နောက်ကြောင်းပြန်သွားတာလည်း ဖြစ်နိုင်တယ်လို့ အစိုးရက ကြိုတင် သတိပေးထားပါတယ်။ တက္ကဆက် ပြည်နယ်မှာ တလလောက် ပိတ်ထားတဲ့ စီးပွားရေးတွေကို ပြန်ဖွင့်တဲ့အခါ အရင်ဆုံး စားသောက်ဆိုင်တွေ၊ လက်ကားဆိုင်တွေ၊ စျေးဝယ်ကုန်တိုက်တွေကို အကန့်အသတ်နဲ့ ဖွင့်ခွင့်ပြုပါတယ်။ လူတွေ ပြုံတိုးတာ မဖြစ်စေဖို့ ပုံမှန်ရဲ့၄ ပုံ ၁ ပုံလောက်ပဲ လည်ပတ်စေပါတယ်။ ကူးစက်မှုနှုန်းတွေ ဆက်ကျရင်တော့ ဒုတိယ အဆင့်ကို မေလ ၁၈ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ဒီအခါမှာတော့ လူတွေ တော်တော်များများ ရုံးပြန်တက်ခွင့် ရဖို့ မျှော်လင့်ရပါတယ်။ အာရှပုံစံ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာရှိတဲ့ ပန်းခြံတွေမှာ ပြန်ဖွင့်တဲ့အခါ နှစ်ရက်အတွင်း လူပေါင်း ၁ဒသမ ၇ သန်းအထိ လည်ပတ်ခဲ့ကြတယ်လို့ အေပီ သတင်းတပုဒ်က ဆိုပါတယ်။ ဒီလိုပဲ ရှန်ဟိုင်းမြို့က လည်ပတ်စရာ နေရာတွေမှာလည်း လူတစ်သန်းလောက် လည်ပတ်ခဲ့ကြပါတယ်။ ဒါပေမယ့် လည်ပတ်စရာ နေရာတွေမှာ လူတွေကို ပုံမှန်အတိုင်း လက်မခံဘဲ သုံးပုံတစ်ပုံလောက်ပဲ ဝင်ခွင့်ပေးတဲ့ စည်းကမ်းချက်ကိုတွေကိုတော့ ဆက်လက် ကျင့်သုံးပါတယ်။ စင်ကာပူမှာလည်း မေလ ၁၂ ရက်နေ့ကျရင် စီးပွားရေး လုပ်ငန်းတချို့ကိုပြန်လည် ခွင့်ပြုဖို့ ကြေညာထားပါတယ်။ သီရိလင်္ကာမှာတော့ မေလ ၁၁ နေ့ကစလို့ အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ ပြန်စဖို့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ထောင်နဲ့ ချီတဲ့ အထည်ချုပ် စက်ရုံတွေကို လည်ပတ်ခွင့်ပြုထားပါတယ်။ ကျန်းမာရေး အရေးပေါ် ကာလကို မေလအကုန်အထိ သက်တမ်းတိုးထားတဲ့ ထိုင်းနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေကို ပြန်ဖွင့်တယ်ဆိုရာမှာ စည်းကမ်း သတ်မှတ်ချက် ၃ ခု ရှိပါတယ်။ လေဝင်လေထွက်ကောင်းရမယ်။ ခပ်ခွာခွာ နေနိုင်တဲ့ နေရာထိုင်ခင်း ရှိရမယ်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှု အနည်းဆုံး ဖြစ်ရမယ်။ ဆံပင်ညှပ်ဆိုင်တွေ၊ စျေးတွေ၊ လမ်းဘေးစျေးသည်တွေ၊ စျေးဝယ်ကုန်တိုက်ကြီးတွေ အပြင်ဘက်က အစားအသောက်ဆိုင်တွေ၊ ဖုန်းဆိုင်တွေ၊ အသင်းအဖွဲ့နဲ့ ကစားတာမျိုး မဟုတ်တဲ့ အားကစားတွေ ရုံတွေကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုပါတယ်။ အလှပြင်ခန်းတွေနဲ့ ဆံပင်ညှပ်ဆိုင်တွေအတွက် အသေးစိတ် စည်းကမ်းချက်တွေ ထုတ်ပြန်ပေးထားပါတယ်။  ဥပမာ ဆံပင်လာညှပ်သူတွေ အချင်းချင်းကြားမှာ ၂ မီတာလောက် ခွာနေရမယ် ဆိုတဲ့ ကန့်သတ်ချက်မျိုးဖြစ်ပါတယ်။ လေကြောင်းလိုင်းတွေကို ပြန်ဖွင့်တယ် ဆိုပေမယ့် လေယာဉ်တွေကို ပုံမှန် ခရီးသည်ရဲ့သုံးပုံတစ်ပုံအထိ လျှော့ချစေပါတယ်။ လေဆိပ်ဝန်ထမ်းတွေကို မျက်နှာဖုံး၊ နှာခေါင်းစည်းနဲ့ လက်အိပ်တွေ မဖြစ်မနေ ဝတ်ဆင်ရမှာ ဖြစ်ပြီး ခရီးသည်တွေအားလုံးကိုလည်း ကိုယ်အပူချိန် တိုင်းတာနဲ့ နေရာကို မဖြစ်မနေ ဖြတ်သန်းစေပါတယ်။ ပုံမှန် အခြေအနေသစ် ကိုရိုနာဗိုင်းရပ်စ် မတိုင်ခင် အခြေအနေကတော့ ပြန်ရောက်ဖို့ လပေါင်း အတန်ကြာတဲ့အထိ မဖြစ်နိုင်သေးပါဘူး။ လမ်းသွားတဲ့အခါ နှာခေါင်းစည်းတွေကို ချွတ်ဖို့မဖြစ်သေးပါဘူး။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်တွေမှာ နီးနီးကပ်ကပ် တိုးဝှေ့ပြီးစီးဖို့ မဖြစ်နိုင်ပါဘူး။  စားသောက်ဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေ ခွာဖို့ လိုအပ်နေပါသေးတယ်။ ပုံမှန် အခြေအနေသစ်မှာ နှာခေါင်းစည်းဝတ်လေ့ မရှိတဲ့ နိုင်ငံတွေမှာလည်း နှာခေါင်းစည်းကို မဖြစ်မနေဝတ်ကြပါတယ်။ စပိန်က ကျန်းမာရေး လေ့ကျင့်ခန်းလုပ်သူတွေကနေ အမေရိကန် ပြည်ထောင်စု တောင်ပိုင်းက ကမ်းခြေသွားသူတွေအထိ နှာခေါင်းစည်း ဝတ်လာကြပါတယ်။ နယူးယော့ခ်မြို့က စင်ထရယ် ပန်းခြံမှာ အားကစားလုပ်သူတွေကလည်း တစ်ယောက်နဲ့ တယောက် ခပ်ခွာခွာ ရှိနေကြပါတယ်။ ဒီကာလက ကြာပါဦးမယ်။ အီတလီဝန်ကြီးချုပ် Conte စကားက မှတ်သားစရာ ကောင်းပါတယ်။ အီတလီပြည်သူတွေအနေနဲ့ တာဝန်ယူမှုရှိရှိနဲ့ ဗိုင်းရပ်နဲ့အတူ ယှဉ်တွဲနေထိုင်ရမယ့် အချိန်တွေကို အချိ်န်တွေကို ဖြတ်သန်းရတော့မယ်လို့ ဆိုပါတယ်။ “ကြိုတင်ကာကွယ်ရေး စည်းကမ်းတွေကို လိုက်မလုပ်ရင်၊ ကူးစက်မှုနဲ့ သေဆုံးမှု များလာလိမ့်မယ်။ တိုင်းပြည်စီးပွားရေးမှာလည်း ပြန်အစားထိုးမရအောင် ဆုံးရှုံးရလိမ့်မယ်။ အီတလီကို တကယ်ချစ်တယ်ဆိုရင် အားလုံး အခုအတိုင်း ခပ်ခွာခွာ နေပေးကြပါ” နေသွင်ညိဏ်း  
12 months Ago
Up