ဗားကရာလမ်းဆုံ

October 23, 2021

ဗားကရာလမ်းဆုံက ယာဉ်ထိန်းရဲကင်း ပစ်ခတ်ခံရပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာချောက်အတွင်းရှိ မီးပွိုင့်လမ်းဆုံက ယာဉ်ထိန်းရဲကင်းကို အောက်တိုဘာ ၂၃ ရက် ဒီနေ့ မွန်းလွဲပိုင်းက   ပစ်ခတ်ခံရပြီး စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့  စစ်ချောင်းဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့လယ် ၂ နာရီခွဲလောက်က အမည်မသိ လက်နက်ကိုင်တချို့ ရောက်ရှိလာပြီး ယာဉ်ထိန်းရဲကင်း ကို ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲနဲ့ စစ်တပ်တွေ ရောက်လာပြီး  လမ်းပိတ် စစ်ဆေးနေပါတယ်။

ဒီကနေ့မနက်ကလည်း ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရဲကင်းနဲ့  သန်လျင်မြို့နယ်၊ နည်းပညာတက္ကသိုလ်အနီး လုံခြုံရေး ဂိတ်တို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ 

1 year Ago

September 9, 2021

ဗားကရာလမ်းဆုံအနီး ကင်းလှည့် စစ်ကား ဗုံးပစ်ခံရ၊ ၂ ဦး သေဆုံး

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ဗားကရာလမ်းဆုံအနီးမှာ ကင်းလှည့်နေတဲ့  စစ်ကား တစ်စီးကို စက်တင်ဘာ ၉  ရက် ဒီကနေ့ ညနေ ၄ နာရီကျော်က ဗုံးပစ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

“ကင်းလှည့်နေတဲ့ ကားထဲကို ပစ်သွားတာ။ ၂ယောက်သေတယ် ကြားတယ်။ သွေးတွေ ထွက်နေတာ။ ထိခိုက်ဒဏ်ရာ ရသူလည်း ရှိတယ်။ အဲဒီနောက်မှာ သေနတ်သံတွေ တော်တော်ညံ သွားတယ်။ ဗုံးပစ်သွားတဲ့သူကိုတော့ မမိပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုအပြီး စမ်းချောင်းမြို့နယ်ထဲမှာ သေနတ်သံ ၁၄ ချက်ခန့်ကြား ရတယ်လို့ ဒေသခံတွေက  ဆိုပါတယ်။

“သေနတ်သံ ၁၄ ချက်လောက်ရှိမယ်။ ပထမ ဗားကရာဘက်က အရင်ကြားရတာ။ နောက်တော့ ဂွစျေးဘက် ပစ်သံပြန်ကြားတယ်။ ဗဟိုလမ်းမပေါ်မှာတော့ သေနတ်တကားကားနဲ့ ဟိုချိန်ဒီချိန်နဲ့ အော်သွားတာ။ သေနတ်သံကြားတော့ ပတ်ဝန်းကျင်က အိမ်တွေလည်း အကုန်တံခါးပိတ်ပြီး နေတာ။ ကျနော်တို့ဆိုလည်း တော်တော်လှန့်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စမ်းချောင်းမှာနေသူတစ်ဦးကလည်း "စစ်ကားသွားနေတုန်း ဗုံးလှမ်းထည့်တာ။ ၂ ဦးသေတယ်ကြားတယ််၊ ဒဏ်ရာရတဲ့သူလည်း ရှိတယ်။ အခု ကားတွေတားပြီးစစ်နေတယ်။ လမ်းတွေထဲအထိ လူတွေကို လိုက်ရှာနေကြတယ်။ သေနတ်ပစ်သံတွေလည်းကြားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာတော့ စမ်းချောင်းမြို့နယ်တွင်း လမ်းတွေပိတ်ဆို့ထားပြီး ကားတွေပါတားစစ်နေသလို ဖြတ်သွားဖြတ်လာလူငယ်တွေကိုလည်း စစ်ဆေးနေတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

2 years Ago
Up