အိန္ဒိယနိုင်ငံရဲ့ အရေးပါဆုံး ခေါင်းဆောင်ဟောင်းတွေထဲက တဦးဖြစ်တဲ့ အတဲလ် ဘေဟာရီ ဗာ့ခ်ျပါယီဟာ သြဂုတ် ၁၆ ရက်က ကွယ်လွန်သွားပါတယ်။
အသက် ၉၃ နှစ်အရွယ် ဗာ့ခ်ျပါယီဟာ ဒေလီမြို့ဆေးရုံမှာ အသက်အရွယ်နဲ့ဆိုင်တဲ့ နာမကျန်းမှုအတွက် ကုသမှုခံယူရင်း ကွယ်လွန်သွားတာပါ။
သူဟာ အိန္ဒိယနိုင်ငံကို ဝန်ကြီးချုပ်အဖြစ် ၁၉၉၆ ကနေ ၂၀၀၄ ခုနှစ်ကြားမှာ ၃ ကြိမ် အုပ်ချုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
အိန္ဒိယကို ကမ္ဘာ့ နျူကလီးယား စွမ်းအင်နိုင်ငံဖြစ်အောင် ကြိုးစားတည်ထောင်ခဲ့ပြီး မြေအောက် နျူကလီးယား စမ်းသပ်မှုတွေ လုပ်ခဲ့တယ်လို့ ကမ္ဘာကို ကြေညာခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဟိန္ဒူအမျိုးသားရေးဝါဒီ လက်ရှိ အာဏာရ ဘီဂျေပီပါတီကို တည်ထောင်သူတွေထဲက တဦးလည်း ဖြစ်ပါတယ်။
"ဗာ့ခ်ျပါယီ သေဆုံးတာဟာ ဖခင်ပုံရိပ်ကို ဆုံးရှုံးတာဖြစ်တယ်၊ သူ့ရဲ့ မြင့်မြတ်တဲ့ အတွေးအခေါ်တွေ ဆက်ရှင်သန်နေမှာဖြစ်ပြီး သူ့အိပ်မက်တွေကို ကျနော်တို့က ဆက်အကောင်အထည် ဖော်သွားမယ်" လို့ အိန္ဒိယရဲ့ လက်ရှိဝန်ကြီးချုပ် နရင်ဒြာမိုဒီက ပြောခဲ့ပါတယ်။
သူ့ရဲ့ရုပ်ကလာပ်ကို အများပြည်သူက အရိုအသေပေးဖို့ ဒီနေ့မနက်ပိုင်းမှာ တနာရီ ခွင့်ပြုပေးခဲ့ပြီး နောက်ဆုံးကန်တော့ပွဲကို ညနေ လေးနာရီမှာ ကျင်းပမှာပါ။
သူ သေဆုံးခဲ့မှုအတွက် နိုင်ငံတော် ဝမ်းနည်းခြင်းကာလ ၇ ရက် သတ်မှတ်ထားပါတယ်။
5 years Ago