ဗဟိုဘဏ်

March 30, 2019

ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် စံချိန်မီ တကျပ်သားရွှေဒင်္ဂါးပုံစံသစ် ဗဟိုဘဏ် ထုတ်ဝေမည်

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ စံချိန်မီ တကျပ်သားရွှေဒင်္ဂါးပုံစံသစ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီ ၂ ရက်နေ့ကစပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မယ်လို့ အစိုးရ ပြန်ကြားရေး သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။ တကျပ်သားဒင်္ဂါးကို ဝယ်ယူတာများကြပြီး ရွှေဒင်္ဂါးရဲ့ အချင်းက ၂၆ မီလီမီတာ၊ အထူက ၂ မီလီမီတာရှိပါတယ်။ ဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံရဲ့အောက်မှာ Aung San လို့ သွန်းလောင်းထားပါတယ်။ ဒင်္ဂါးရဲ့ အနားပတ်လည်မှာ Central Bank of Myanmar၊ 16.329 gm 999.9 Fine Gold လို့ အင်္ဂလိပ်စာလုံးနဲ့ ဖော်ပြထားပြီး တခြားဘက် မျက်နှာပြင်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၈၊ ၁ ကျပ်သား ၊ ၉၉၉ . ၉ သန့်စင်ရွှေ လို့ မြန်မာစာလုံးနဲ့ ဖော်ပြထားပါတယ်။ တကျပ်သားရွှေဒင်္ဂါး ဝယ်ယူတဲ့အခါ ရွှေဒင်္ဂါးပြားနဲ့အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ သွန်းလောင်းတဲ့ ဌာန အကြီးအကဲတို့ရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်တွေလည်း အတူပါမှာ ဖြစ်ပါတယ်။ တကျပ်သားရွှေဒင်္ဂါးပြားကို နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နဲ့ ကုန်ကျစရိတ် ကျပ် ၃၈,၉၅၀ ထပ်ပေါင်းတဲ့နှုန်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဟာ တကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား စံချိန်မီ ရွှေဒင်္ဂါးတွေကို ၁၉၉၁ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပြီး တမတ်သား(ပုံစံသစ်) စံချိန်မီရွှေဒင်္ဂါးကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ပါတယ်။ စံချိန်မီရွှေဒင်္ဂါးတွေမှာ တကျပ်သားရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ ကြယ်တပွင့်ပုံ၊ ငါးမူးသားရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ လယ်ထွန်နေတဲ့ပုံ၊ တမတ်သားရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ သစ်ဆွဲနေတဲ့ ဆင်ပုံတွေ သွန်းလောင်းပြီး တမတ်သားပုံစံသစ် စံချိန်မီရွှေင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာတော့ ဗိုလ်ချုပ်ပုံ သွန်းလောင်းထုတ်ဝေခဲ့ပါတယ်။
3 years Ago

December 21, 2018

ဒေါ်လာကို အမြင့်ဈေးဖြင့် ဝယ်ယူခဲ့မှုနှင့် ငွေစက္ကူအတုကိစ္စ ဗဟိုဘဏ်ရှင်းလင်း

အမေရိကန် တဒေါ်လာလျှင် ၁၅၇၀ ကျပ်နှုန်းနဲ့ ဒေါ်လာ ၃၄ သန်းကို နှစ်ရက်အတွင်း ဝယ်ယူခဲ့တာနဲ့ ကျပ်တသောင်းတန် ငွေစက္ကူအတုတွေ ထွက်ရှိနေတာနဲ့ ပတ်သက်လို့ လွှတ်တော်ကော်မတီက မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံ ကြားနာခဲ့ပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ဒီဇင်ဘာ ၂၀ ရက်က အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် I-15 မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီလိုတွေ့ဆုံရာမှာ ဗဟိုဘဏ်ဘက်က ဖြေရှင်းချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဦးစောသန်းထွဋ်က "ဒေါ်လာဝယ်တဲ့ကိစ္စက သူတို့ဆီမှာ Team ရှိတယ်။ ငွေကြေးစီမံခန့်ခွဲတဲ့အဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့ကနေ နေ့တိုင်း ဈေးနှုန်းတွေချိန်တယ်။ ချိန်ပြီးတော့မှ ဝယ်သွားတယ်ပေါ့။ ဒါပေမယ့် ဝယ်တဲ့နှုန်းကတော့ နည်းနည်းမြင့်တယ်။ ပထမတရက်မှာ သန်း ၂၀ ဖိုးလောက်ဝယ်တယ်။ နောက်တရက်မှာ ၁၄ သန်းဖိုးဝယ်တယ်။ ဈေးက ကျရိပ်မြင်ရဲ့သားနဲ့ ဒီဈေးနဲ့ဝယ်တာကို မေးတာ။ သူတို့ကလည်း ဗဟိုဘဏ်ရဲ့မူထဲမှာ ရည်ရွယ်ချက်ထဲမှာ ငွေရေးကြေးရေး တည်ငြိမ်အောင် ထိန်းသိမ်းဖို့ပါတဲ့အတွက် သူတို့ ဘောင်ထဲဝင်လာတဲ့ amount နဲ့ ထိန်းပြီး ဝယ်ပေးတာပါဆိုပြီး ဖြေတယ်။ ဈေးကွက်ကိုတော့ ဗဟိုဘဏ်က တကယ်ကို ထိန်းကျောင်းနိုင်တဲ့ အနေအထားတော့ မရှိဘူးဆိုတာ ပြောတယ်” လို့ ဆိုပါတယ်။ ကျပ်တသောင်းတန် အတုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၁ မှာပါတဲ့ ကိစ္စတွေ ကျူးလွန်တယ်ဆိုရင် ပုဒ်မ ၁၀၅ အရ ထောင်ဒဏ် ၃ နှစ်တို့ ဒဏ်ငွေတို့ ပြစ်ဒဏ်တွေ ဆောင်ရွက်ကြတယ် ဆိုတဲ့အကြောင်း ဗဟိုဘဏ် တာဝန်ရှိသူတွေက လွှတ်တော်ကော်မတီကို ပြောသွားပါတယ်။ ငွေစက္ကူအတုလို့ သံသယရှိရင် မြန်မာ့စီးပွားရေးဘဏ်ကို လာရောက်ပြသပါက အတုအစစ် စစ်ဆေးပေးမယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဦးစောသန်းထွဋ်က ပြောပါတယ်။ “ဒါပေမယ့် တကယ်ကို ရိုးရိုးသားသား မသိဘဲ သုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို ပြရင် ဘယ်လိုပြနိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်းပဲ ရှင်းပြတယ်။ မြန်မာ့စီးပွားရေးဘဏ်ကို လာပြပါ။ သံသယရှိပါတယ်ဆိုတဲ့အကြောင်း၊ သူတို့စစ်ပေးမယ်၊ စစ်ရင် အတုဖြစ်တယ်လို့ သိတယ်ဆိုရင် သူတို့ကိုအပ်ခဲ့ပါ။ သူတို့ကိုအပ်ခဲ့ရင် ဖောင်ဖြည့်ရတယ်။ ဖြည့်တဲ့နေရာမှာ ကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်ရတယ်။ နောက် ဒီငွေကို ဘယ်ကရလာတယ်၊ နောက် receive တစောင် ကိုယ့်ကိုပေးလိုက်မယ်။ နောက်တစောင်ကတော့ သူတို့ယူထားမယ်။ ဒါပေမယ့် နောက်ရက်ကျရင် သူတို့လည်း ရဲစခန်းကို ပို့ပါတယ်။ ဒါဟာ သိတဲ့အခါ ချက်ချင်းလာပြီး အကြောင်းကြားတဲ့အတွက် ပုဒ်မ ၁၀၁ မှာ ပြောထားသလို သိရင်တော့ မသုံးနဲ့ပေါ့၊ သိရဲ့သားနဲ့ သုံးရင်တော့ ပြစ်မှုမြောက်တယ်ပေါ့။ အခုဟာ မသိဘဲ သုံးတယ်ဆိုတဲ့အကြောင်း ပေါ်လွင်အောင် အသိပေးတာပေါ့။ ကျန်တဲ့ ကိုယ့်ရဲ့နယ်မြေမှာလည်း အသိပေးဖို့။” ငွေစက္ကူအတု ကိုင်ဆောင်မှုနဲ့ ထိန်းသိမ်းခံထားရတဲ့ကိစ္စကို ကူညီပေးဖို့နဲ့  ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံး အာမခံရအောင် လုပ်ပေးဖို့လည်း လွှတ်တော်ကော်မတီက ဗဟိုဘဏ် တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့ပါတယ်။ “အဲအပေါ်မှာ ဗဟိုဘဏ်ဘက်က သူတို့ဥပဒေမှာတော့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်တဲ့။ မသိလို့ သုံးမိတဲ့အပေါ်မှာတော့ အပြစ်လို့ ယူစရာမရှိပါဘူးတဲ့။ ဒါပေမယ့် တရားရေးမဏ္ဍိုင်ဘက်က တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ်မှာပဲ မူတည်ပါတယ်တဲ့" လို့ ဦးစောသန်းထွဋ်က ပြောပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဘက်က ဒုဥက္ကဋ္ဌ ဦးစိုးမင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
3 years Ago
More News
Up