ဗဟိုအာဖရိက

December 27, 2020

အကြမ်းဖက်မှု ထူပြောသည့် ဗဟိုအာဖရိကတွင် သမ္မတနှင့်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပ

အကြမ်းဖက်မှု ထူပြောနေပြီး သူပုန်တွေ ဝင်မစီးအောင် အစိုးရ၊ ကုလငြိမ်းချမ်းရေးတပ်နဲ့ မိတ်ဖက်နိုင်ငံတွေက ကြိုးစား ခြေကုပ်ယူနေရတဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံမှာ သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာ ၂၇ ရက်က ကျင်းပပါတယ်။ လူဦးရေ ငါးသန်းရှိတဲ့နိုင်ငံမှာ သမ္မတ ဖောင်စတင် အာချန်ငယ်က ဒုတိယမြောက် သက်တမ်းကို အနိုင်ရဖို့ ကြိုးစားနေပြီး သူ့ကို လက်မခံတဲ့ ပြည်သူ့စစ်တွေက ပိုတိုး တိုက်ခိုက်တာတွေ ပိုလုပ်နေပါတယ်။ အခြေခံ ဥပဒေခုံရုံးကလည်း သမ္မတဟောင်း ဖရန်ဆွား ဘိုဇစ်ဇီ အပါအဝင် ပြိုင်ဘက် ကိုယ်စားလှယလောင်း အတော်များများကို ဒီလထဲမှာ ပယ်ချခဲ့ပါတယ်။ လက်ကျန် ကိုယ်စားလှယ်လောင်း ၁၇ ယောက်ထဲမှာ လက်ရှိသမ္မတက လူကြိုက်များနေတာပါ။  ဘယ်ကိုယ်စားလှယ်မှ မဲ ၅၀ ရာခိုင်နှုန်းကျော် မရပါက ရွေးကောက်ပွဲ ဒုတိယအကျော့ကို ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။ မနေ့ညက သေနတ်သံတွေ ကြားရလို့ လုံခြုံရေး အကြီးအကျယ် ချထားခဲ့ရပြီး မြို့တော်တွင်း မဲရုံတချို့မှာ အချိန်နောက်ကျပြီးမှ မဲရုံဖွင့်နိုင်ခဲ့ပါတယ်။ နိုင်ငံအတွင်းမှာ ၂၀၁၃ ခုနှစ်တည်းကစခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ထောင်ချီ သေဆုံးခဲ့ပြီး လူသန်းချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ရုရှားက စစ်ဘက် နည်းပြ အယောက် ၃၀၀ နဲ့ ရဝမ်ဒါက ငြိမ်းချမ်းရေး စစ်သည်အင်အား ၃၀၀ အပါအဝင် လက်ရှိသမ္မတရဲ့ နိုင်ငံတကာ လုံခြုံရေးမိတ်ဖက်တွေက တပ်ကူတွေနဲ့ ပစ္စည်း ကိရိယာတွေ ပေးပို့ရင်း အကြမ်းဖက်မှုတွေကို တုံ့ပြန်နေကြပါတယ်။ အရင် အပတ်ကလည်း သူပုန်တွေက မြို့တွေကို ဝင်စီးခဲ့ပြီး မြို့တော်နားထိ ရောက်ခဲ့တာပါ။ မြို့တော်ကို သူပုန်တွေ စီးနင်း သိမ်းပိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါတယ်။
10 months Ago
Up