မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မန်ကျဉ်းကျေးရွာအုပ်စုရှိ ဗလဲ့ခပွားတောင်မှာ ကျောက်ထုတ်လုပ်မယ့်စီမံကိန်းကို တားဆီးပေးဖို့ ဒေသခံတွေက မွန်ပြည်နယ်လွှတ်တော်မှာ လာရောက် တောင်းဆိုပါတယ်။
အဲဒီဒေသမှာ ဌာနေတိုင်ရင်းသားတွေဟာ ဗလဲ့ခပွားတောင်က စီးဆင်းလာတဲ့ ရေအရင်းအမြစ်ကိုယူပြီး သောက်သုံးရေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာပါ။
လက်ရှိမှာတော့ ဗလဲ့ခပွားတောင်မှာ မြန်မာရွှေဧကရာဇ် သတ္တုတူးဖော်ရေးကုမ္ပဏီက ကျောက်ထုတ်လုပ်ဖို့ အစိုးရမှာ ခွင့်ပြုချက်လျှောက်တင်ထားပြီး လမ်းဖောက်လုပ်တာ၊ မြေလွတ်မြေရိုင်းတွေကို အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လိုက်လံဝယ်ယူနေပါတယ်။
ဒါကြောင့် ဌာနဒေသခံ တိုင်ရင်းသားတွေက နောက်ပိုင်းမှာ ဖြစ်ပေါ်လာမယ့် လူမှုစီးပွားဘဝနဲ့ ပတ်ဝန်ကျင်းထိခိုက် ပျက်စီးလာမယ့် အခြေအနေတွေကြောင့် မွန်ပြည်နယ် လွှတ်တော်ကတားဆီးဟန်းတားပေးဖို့ သြဂုတ် ၅ ရက်မှာ လာရောက်တင်ပြ တောင်းဆိုခဲ့ကြတာလို့ မန်ကျဉ်းကျေးရွာ ဒေသခံ နိုင်ဟံသာက ပြောပါတယ်။
“ကျနော်တို့ ဒေသမှာဖြစ်နေတဲ့ မြေရောင်းမြေဝယ်မှုဟာ ရွာအုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ကုမ္ပဏီက ပူးပေါင်းပြီး မြေတွေကို မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရောင်းဝယ်ယူနေတာကို အလိုမရှိဘူး၊ ဒီလုပ်ရပ်ကို လွှတ်တော်က ဝိုင်ဝန်းဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်”
အခုလို အခြေအနေတွေကြောင့် မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့က အဲဒီဒေသမှာ နောက်ပိုင်း ဖြစ်ပေါ်လာမယ့် လူမှုစီးပွားဘဝနဲ့ ပတ်ဝန်းကျင်ထိခိုက် ပျက်စီးလာနိုင်တဲ့ အခြေအနေကို စစ်တမ်းကောက်ယူခဲ့ပြီး စစ်တမ်းအရ ဗလဲ့ခပွားတောင်မှာ ကျောက်ထုတ်လုပ်ပါက ဌာနေဒေသခံ တွေရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်လို့ မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ခံ မိဖြူက ပြောပါတယ်။
ဗလဲ့ခပွားတောင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မွန်ပြည်နယ် အစိုးရဆီ အကြံပြုတိုက်တွန်းကြောင်း အစီရင်ခံစာပေးပို့သွားမယ်လို့ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
မွန်ဌာနေ တိုင်ရင်းသားတွေ ဓမ္မဦးချ နေထိုင်လာတဲ့ ရေးမြို့နယ် မန်ကျည်းကျေးရွာအုပ်စုရှိ ဗလဲ့ခပွားတောင်ဝန်ကျင်းမှာ ကျေးရွာ ၄ ရွာ၊ အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၂၀၀၀ နီးပါး နေထိုင်နေကြပါတယ်။
3 years Ago