ဗလီအများစု ပိတ်

March 21, 2020

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကာကွယ်ရန် အာဖရိကတွင် ဗလီအများစု ပိတ်

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးနိုင်ရေးအတွက် အာဖရိကနိုင်ငံတော်တော်များများ မတ်လ ၂၀ ရက်က ဗလီတွေမှာ စုပေါင်း ဝတ်ပြုရှိခိုးတာတွေကို ပိတ်ပင်နေသလို တချို့ နိုင်ငံတွေကလည်း ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။  နိုင်ဂျီးရီးယားနိုင်ငံ လားဂို့စ်မြို့မှာဆိုရင် လူ ၅၀ ကျော်နဲ့အထက်စုဝေးမှုတွေကို ပိတ်ထားပြီး ဗလီတွေကို ပိတ်ထားပါတယ်။  ဒါပေမဲ့ အဘူဂျာ၊မိုင်ဒူဂူရီနဲ့ နိုင်ငံမြောက်ပိုင်းနေရာတွေမှာ ဘုရားဝတ်ပြုပွဲတွေ လုပ်နေဆဲ ဖြစ်တယ်ဆို ပါတယ်။  ဖာကီနာဖါဆို နိုင်ငံမှာတော့ ဗလီအားလုံးကို ပိတ်ပစ်လိုက်ပြီဖြစ်ပေမဲ့ သောကြာနေ့ကိုတော့ နောက်ဆုံးဝတ်ပြုနေ့အဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။ ဘာကီနာဖါဆိုရဲ့မြို့တော် အူဝါးဒယ်ဂူ Ouagadougou မှာ ဒီအပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးခဲ့ပြီး  ဝန်ကြီးတဦးလည်း ဗလီတက်ရင်း ဗိုင်းရပ်စ်ကူး စက်ခံရတာ စစ်ဆေးတွေ့ရှိရတယ် ပြောပါတယ်။  ဆီနီဂေါမှာလည်း အာဏာပိုင်တွေက မူစလင်တွေကို သောကြာနေ့က အိမ်မှာပဲ ဝတ်ပြု ဆုတောင်းကြဖို့ မေတ္တာရပ်ခံခဲ့ကြပြီး လူ တရာကျော်ပါဝင်နေတဲ့ ဗလီတက်ဝတ်ပြုသူ လူတစုကိုလည်း ရဲက မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲခဲ့ရပါတယ်။  ကင်ညာမှာလည်း ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ခုနှစ်ဦးရှိခဲ့ပြီး အစိုးရက ဗိုင်းရပ်စ်ကူးစက် ခံရမှုရှိမရှိတွေကို စစ်ဆေးနေပါတယ်။  အိုင်ဗရီကို့စ်မှာလည်း သောကြာနေ့ ဗလီတက်ဝတ်ပြုဆုတောင်းမှုတွေကို ပိတ်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။  အာဖရိကတိုက်ဟာ ဥရောပနဲ့အာရှတို့လောက် ရောဂါကူး စက်မှုနှုန်းမမြင့်ပေမဲ့ အာဖရိက ၃၆ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၇၀၀ ကျော်ရှိပြီလို့  ရိုက်တာသတင်းအရ သိရပါတယ်။ 
2 years Ago
Up