ဗလီ

May 16, 2021

မြို့တော်ကဘူးလ်ရှိ ဗလီတစ်ခုအတွင်း ပေါက်ကွဲမှုကြောင့် ၁၂ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း မေ ၁၄ ရက်က ရှာကာဒါရာခရိုင် ဆင်ခြေဖုံးရပ်ကွက်ထဲက ဗလီတစ်ခုအတွင်း လာရောက်ဝတ်ပြု  ဆုတောင်းသူတွေ စုရုံးရောက်ရှိလာချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၂ ယောက် သေဆုံးသွားပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟာမစ် ရိုရှန်က ပြောပါတယ်။ 

သေဆုံးသူတွေထဲမှာ ဗလီက အီမမ်ဆရာတယောက်လည်း ပါတယ်လို့ ကဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ 

အားလပ်ရက်အတွက် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့တဲ့ တာလီဘန်သူပုန်အဖွဲ့က ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။  ဘယ်သူ့လက်ချက်ဆိုတာကိုလည်း ချက်ချင်း မသိရသေးပါဘူး။ 

မေ ၁၃  ရက်က အဆုံးသတ်သွားတဲ့ ဥပုသ်လအပြီးထိ အားလပ်ရက် အပစ်အခတ်ရပ်စဲ ထားတဲ့ ကာလအတွင်း အစိုးရတပ်တွေနဲ့ တာလီဘန်တွေအကြား တိုက်ပွဲအကြီးအကျယ် ဖြစ်တယ်ဆိုတဲ့ သတင်းကြီးတွေ မရှိခဲ့ပါဘူး။ 

လာမယ့် ၄ လအတွင်း အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေကို ပြန်လည်ရုပ်သိမ်းသွားမယ့် အစီအစဉ် စတင်နေပြီဖြစ်ပေမဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုများ အပါအ၀င် အကြမ်းဖက်မှုတွေ ပိုများပြားလာပါတယ်။ 

2 days Ago

April 8, 2021

ပုသိမ်မြို့ပေါ် ခရစ်ယာန်ဘုရားကျောင်းနှင့်ဗလီများကို အကြမ်းဖက်ရဲနှင့်စစ်တပ် ဝင်ရောက်ရှာဖွေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေကို ဧပြီလ ၈ ရက်နေ့ညနေပိုင်းကစတင်ကာ အကြမ်းဖက်ရဲနဲ့ စစ်တပ်က ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ဘုရားကျောင်းတွေနဲ့ ဗလီတွေထဲကို ရဲနဲ့စစ်တပ်အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ပေမယ့် ဖမ်းဆီးသွားတာမျိုးတော့ မတွေ့ဘူးလို့ မျက်မြင်တွေ့သူတွေက DVB ကိုပြောပါတယ်။

"ညနေ ၅ နာရီလောက်က ရောက်လာပြီး ဝင်ရှာကြတာ။ အကုန်နေရာစုံအောင်ပတ်ရှာတာတွေ့တယ်၊ ဘာရှာတယ်ဆိုတာတော့ သေချာမသိရဘူး၊ နာရီဝက်လောက်ကြာတော့ ပြန်ထွက်လာတာတွေ့တယ်။'' 

ခရစ်ယာန်ဘုရားကျောင်းတွေဖြစ်တဲ့ ကိုသာဖြူဘုရားကျောင်း၊ မြောင်းမြခရစ်ယာန်ဝင်းနဲ့ ထောင်ကုန်းဗလီထဲ ဝင်ရှာခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၈ ဦးရှိပြီး ဖမ်းဆီးခံရသူ ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။

1 month Ago
More News
Up