ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တိုက်ခိုက်ခံရပြီးနောက် တံတားဖြတ်သန်းချိန်ကို ပြောင်းလဲ လုံခြုံရေး တင်းကျပ်ထားပါတယ်။
တံတားကို မနက်ပိုင်း ၆ နာရီမှာ စဖွင့်ပြီး ည ၇ နာရီအထိသာ သွားလာခွင့်ရှိတယ်လို့ တံတားပေါ်မှာ ဗီနိုင်းနဲ့ကပ်ပြီး ကြေညာထားတာတွေ့ရတယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။
တံတားဖြတ်သန်းချိန်ကို အရင်က မနက် ၅ နာရီမှ ည ၈ နာရီအစား အခုလို အချိန်လျှော့ချ ကန့်သတ်လိုက်တာဖြစ်ပါတယ်။
အခုလို ကန့်သတ်မှုကြောင့် ဝိုင်းမော်မှ ဧရာ၀တီမြစ်တစ်ဘက်ကမ်းရှိ မြစ်ကြီးနားဈေးကြီးသို့ ကုန်စိမ်းသွားရောင်းနေတဲ့ ဈေးသည်တွေ အခက်အခဲရှိနေတယ်လို့သိရပါတယ်။
“မနက် ၆ နာရီမှ တံတားဖွင့်တော့ ဈေးခင်းရောင်းတာတွေ နောက်ကျကုန်တယ်။ ပြီးတော့ သူတို့က ဆိုင်ကယ်တွေဆို တူးဘောက်ဖွင့် အရမ်းစစ်ဆေးတော့ သွားလာရခက်တယ်”လို့ ဒေသခံ ဈေးသည်တစ်ဦးက ပြောပါတယ်။
ဗလမင်းထင်တံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဇွန် ၂၃ ရက် ည ၈ နာရီလောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ တို့က ရှောင်တခင်၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့၀င် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးက စုပေါင်းဂိတ်မှာ ဇွန်လ ၂၃ ရက်ညက ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရကြပါတယ်။
ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ်မှာ မနေ့ည ၈ နာရီလောက်ကတည်းက သေနတ်သံနဲ့လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး ပစ်ခတ်မှုဖြစ်ပွားနေတဲ့အတွက် မိုင်းနားဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ပြောပါတယ်။
“လက်နက်ကြီးသံနဲ့ သေနတ်သံတွေတော့ အချက် ၂၀ ကျော်လောက် အိမ်ကနေကြားနေရတယ်။ ရိက္ခာထုတ်ပြင်ထားပြီ ကြောက်လို့သားအမိနှစ်ယောက် မီးအမှောင်ချပြီး ငုတ်တုတ်ထိုင်နေရတယ်” လို့မိုင်းနားဒေသခံ အမျိုးသမီးတစ်ယောက်ကပြောပါတယ်။
ကေအိုင်အေကတိုက်ခိုက်ခဲ့တာလို့သတင်းတွေထွက်နေပေမဲ့ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးသလို ထိခိုက် ဒဏ်ရာရသူ အခြေအနေကိုလည်း သိရသေးပါဘူး။
ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ထဲမှာတော့ ရဟတ်ယာဉ်တွေနဲ့ ည ၉ နာရီကျော် အထိ လှည့်ပတ်နေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ တင့်ကားတွေ၊ စစ်ကားတွေ ဗလမင်းထင်တံတားဘက်ကို သွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်း ရဲနဲ့စစ်သားတွေက ဗလမင်းထင်တံတားမှာ ဖြတ်သန်းသွားလာတဲ့ကားတွေကို ကားအမျိုးအစားနဲ့ ကားပေါ်ပါလာသူအမျိုးသားတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။