ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (ပထမပိုင်း)

February 14, 2018

ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ - အပိုင်း ၁၅

၁၉၆၂ စစ်အာဏာသိမ်းခြင်း - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ - ကျောင်းသားသွေးမြေကျခြင်း (ဆဲဗင်းဂျူလိုင်) (၃၀) ၁၉၆၂ စစ်အာဏာသိမ်းခြင်း အခုတော့ အထက်မိုးကောင်းကင်မှာ တိမ်မည်းကြီးတွေ ထူထပ်သထက် ထူထပ်လို့ လာပါပြီ။ မကြာခင်မှာ ပြင်းထန်တဲ့ မုန်တိုင်းကြီး တိုက်ခတ်လာတော့မှာမို့ လေကလည်း ငြိမ်သက်သွားခဲ့ပါတော့တယ်။ လက်ရှိဖြစ်လာတဲ့ နိုင်ငံရေးအခြေအနေဟာ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ပေးလာတာကို သိတဲ့ ဗိုလ်ချုပ်နေဝင်းဟာ  စစ်ထောက်ချုပ် ဗိုလ်မှူးကြီးသန်းစိန်ရဲ့ ရုံးခန်းကို သွားခဲ့တယ်။ သူတွေ့ခဲ့တာ ပခုက္ကူသန်းစိန်ပါ၊ ရခိုင်သန်းစိန် မဟုတ်ပါဘူး။ ဒီကိစ္စဟာ အရေးပါတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ ဖြစ်နေတာမို့ စာဖတ်သူတွေ စဉ်းစားတွေးတောလက်ခံနိုင်ဖို့ ဒီအခန်းကို ပြည့်ပြည့်စုံစုံ ရေးပြချင်ပါတယ်။ အဲဒီအချိန်တုန်းက စာရေးသူက လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ကော်ပိုရေရှင်းဌာန ARDC (Agriculture and Rural Development Corporation) ရဲ့ စီမံကိန်းတခုဖြစ်တဲ့ ဗာဂျီးနီးယားဆေးရွက်ကြီးနဲ့ ဝါဂွမ်းဌာနရဲ့ ခရိုင်မန်နေဂျာအနေနဲ့ရော ပခုက္ကူခရိုင်ရဲ့ စီမံကိန်းမန်နေဂျာအဖြစ် ပခုက္ကူစီးကရက်စက်ရုံမှာ ၁၉၆၈ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စာရေးသူဟာ ဂေါက်သီးရိုက် ပုံမှန်ကစားလေ့ရှိပြီး ပခုက္ကူဂေါက်ကလပ်ရဲ့ အသင်းအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒီဂေါ့က်ကလပ်ရဲ့ အသင်းဥက္ကဋ္ဌက စစ်ထောက်လှမ်းရေးအကြီးအကဲနဲ့ ရန်ကုန်တိုင်းမှူးဖြစ်လာမယ့် ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်မှူးမျိုးအောင် ဖြစ်ပါတယ်။ ဆေးရွက်ကြီးဖိုပိုင်ရှင် ၁၀၀ ကျော်ရှိတဲ့အထဲက ဖိုပိုင်ရှင်တဦးလည်းဖြစ်၊ မြို့နယ်ရဲ့ မြူနီစီပါယ်လူကြီးတဦးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးသန်းစိန်ရဲ့ တဝမ်းကွဲညီအစ်ကိုတော်သူ ဦးလှိုင်နဲ့ စာရေးသူဟာ အလွန်ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ အဲဒီအချိန်မှာ စစ်အစိုးရ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ ကျင်းပဖို့ အလုပ်ရှုပ်နေချိန် ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးသန်းစိန်ဟာ သူ့မွေးဇာတိဖြစ်တဲ့ ပခုက္ကူနဲ့ သူတာဝန်ယူနေရတဲ့ ချင်းပြည်နယ်ကို လစဉ်လိုလို ရောက်လာလေ့ရှိပါတယ်။ တခုသော ညနေခင်းမှာ သူဟာ ကလပ်မှာ ဂေါက်သီးလာရိုက်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ဟာ ဗိုလ်ချုပ်နေဝင်းနဲ့ ဗိုလ်မှူးကြီးသန်းစိန်တို့အကြားမှာရှိတဲ့ ယုံကြည်ရင်းနှီးမှု အတိုင်းအတာ ဘယ်လောက်ရှိသလဲဆိုတာ သိထားဖို့လိုတယ်။ တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်အများစုဟာ ဗိုလ်ချုပ်နေဝင်း ကွပ်ကဲခဲ့တဲ့ ဗမာ့သေနပ်ကိုင်တပ်ရင်း (၄) ထွက်တွေပဲ ဖြစ်တယ်။ ဥပမာပြရရင် ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်သန်းညွန့်၊ ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်ချုပ်စန်းယု၊ ဗိုလ်ချုပ်စိန်လွင်၊ ဗိုလ်မှူးကြီးသန်းစိန် (တပ်ခွဲမှူး) တို့ ဖြစ်ကြတယ်။ အခုတော့ ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး တော်လှန်ရေးကောင်စီဥက္ကဋ္ဌပါ ဖြစ်လာတော့ သူ့ရဲ့တပ်ရင်းက ဗိုလ်ကြီးသန်းစိန်ကလည်း တော်လှန်ရေးကောင်စီဝင်နဲ့ စစ်ထောက်ချုပ် ဗိုလ်မှူးကြီးသန်းစိန် ဖြစ်လာရတာပေါ့။ တနေ့တော့ စာရေးသူက ဗိုလ်မှူးကြီးသန်းစိန်ကို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းစဉ်က အဖြစ်အပျက်ကို ပြန်ပြောပြဖို့ ဦးလှိုင်ကတဆင့် မေးမြန်းခဲ့တယ်။ တခုသောညနေခင်းမှာ ဂေါက်သီးရိုက်ပြီးတဲ့နောက်  ဂေါက်ကလပ်မှာပဲ တောင်းဆိုချက်အရ အာဏာသိမ်းစဉ်က အဖြစ်အပျက်ကို ဒီလို ပြန်ပြောပြခဲ့ပါတယ်။ “နေ့လယ် ၃ နာရီထိုးလောက်မှာ ကျနော့်ရုံးခန်းမှာ ဗိုလ်ချုပ်နေဝင်းဆီက ဖုန်းဝင်လာတယ်။ ဟေ့ သန်းစိန် အိမ်မပြန်နဲ့ဦး… ငါ မင်းဆီကို ညနေ ၄ နာရီထိုးမှာ လာခဲ့မယ်… ရန်ကုန်မြေပုံရှာပြီး အသင့်ပြင်ထားလို့ ပြောခဲ့တယ်။ ပြောတဲ့အချိန်အတိုင်း ရောက်လာပြီး အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့ ပါလီမန်၊ ဗဟိုတရားရုံး၊ ဝန်ကြီးများရုံး၊ အစိုးရအဖွဲ့ဝင်တွေရဲ့ အိမ်နေရာတွေ၊ သမ္မတနဲ့ ဝန်ကြီးချုပ်အိမ်တွေအပြင် အခြားအရေးကြီးတဲ့ နေရာဌာနတွေမှာ တပ်အင်အားတွေချဖို့ ညွှန်ကြားခဲ့တယ်။ အဲဒီလို ညွှန်ကြားပြီး သူ ပြန်သွားခဲ့တယ်။ သူက အဲဒီလို တပ်အင်အား ချတာတွေကို ဒီည ၈ နာရီမထိုးခင်မှာ ပြီးစီးအောင် ဆောင်ရွက်ရမယ်လို့ မှာခဲ့သေးတယ်။ သူ နောက်တခေါက်ပြန်လာပြီး အစီအစဉ်ကို အပြောင်းအလဲ အနည်းငယ်လုပ်ပြီးတဲ့နောက် အမျိုးသားဇာတ်ရုံမှာ တရုတ်ယဉ်ကျေးမှု အကဖျော်ဖြေပွဲကို သွားကြည့်နေခဲ့တယ်။ နောက်တနေ့ နံနက်  ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာတော့ စစ်အာဏာသိမ်းကြောင်း သတင်းကြေညာချက်နဲ့အတူ အဖွဲ့ဝင် ၁၆ ဦးပါတဲ့ တော်လှန်ရေးကောင်စီကို ဗိုလ်ချုပ်နေဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့်သတင်းကို မြန်မာအသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့တော့တာပါပဲ”။ ဒီလိုနဲ့ နိုင်ငံတော်ဟာ ဗိုလ်ချုပ်နေဝင်း ဦးစီးတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်တသိုက် လက်တွင်းကို သက်ဆင်းလို့ ကံကြမ္မာဆိုးကြီးကို စတင်ပွေ့ပိုက်ခဲ့ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့တဲ့ ဒီမိုကရေစီကို အခြေခံထားတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းပစ်ခဲ့တယ်။ ဒီနေရာမှာ နောက်ထပ် ဇာတ်လမ်းတပုဒ် ရှိခဲ့ပါသေးတယ်။ ဦးနုဟာ သူ့အိမ်ကနေ စစ်ကားနဲ့ ခေါ်ဆောင်ခံရတဲ့ အချိန်မှာ လာခေါ်တဲ့ စစ်သားကို သူက ဒီလိုမေးခဲ့သတဲ့ .. “ဟေ့ .. ဒါနဲ့ ကျုပ်ရဲ့ဗိုလ်ချုပ်ရော ဘယ်လိုလဲ” (ဦးနုက ဗိုလ်ချုပ်နေဝင်းကို.. ကျုပ်ရဲ့ဗိုလ်ချုပ်လို့ ခေါ်ပြီး၊ ဗိုလ်ချုပ်နေဝင်းက ဦးနုကို ကိုကြီးနုလို့ ခေါ်သတဲ့)။ အဲဒီတုန်းက ဦးနုဟာ မသိချင်ယောင်ဆောင် မေးသလား၊ တကယ်ပဲ အခြေနေမှန် မသိရအောင် ညံ့ခဲ့တာလား။ စစ်တပ်က ကြေညာပြီးတဲ့နောက် အာဏာကို လွှဲပြောင်းယူတုန်းက သွေးမြေမကျပေမယ့် နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်သူ စဝ်ရွှေသိုက်ရဲ့သား စိုင်းရွဲ့ တယောက်ကတော့ ညပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ကတော့ ဗထူးမြို့ကို ခေါ်ဆောင်သွားခံရပြီးတဲ့နောက် စစ်တပ်စခန်းတခုမှာ သတ်ဖြတ်လိုက်ကြတယ်။ ဗိုလ်ချုပ်နေဝင်းဟာ ၁၉၄၉ ခုမှာ တခါ အာဏာသိမ်းပွဲကို ဇာတ်တိုက်ကျင့်ပြီးသားပါ။ တရားဝင် အာဏာသိမ်းတာက ၁၉၅၈ ခုနှစ်မှာ တခါ၊ အခု တတိယအကြိမ်မြောက် ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းမှုကို ဦးနုရဲ့ ယုံကြည်မှုကို အသုံးချလို့ အပိုင်သိမ်းသွားခဲ့တာပါပဲ။ ဗိုလ်ချုပ်နေဝင်းဟာ တခြားကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တဲ့ လီနင်၊ မော်စီတုံး၊ ဟိုချီမင်း၊ နေရူး၊ ဆူကာနို စတဲ့ ခေါင်းဆောင်တွေနဲ့ မတူပါဘူး။ သူက ပထမဆုံး အာဏာကို အရင်ယူပါတယ်။ ဒုတိယအနေနဲ့ ပါတီထောင်လိုက်ပါတယ်။ ပါတီလမ်းစဉ်နဲ့ မူဝါဒတွေကို တတိယအဆင့်မှ ရေးဆွဲပါတယ်။ သူ့ရဲ့ လုပ်နည်းကိုင်နည်းက တခြားခေါင်းဆောင်တွေနဲ့ ပြောင်းပြန် အာဏာကို အရင်သိမ်းတာမို့ သူ့ကို အာဏာငမ်းဖမ်းသူလို့ နာမည်ပေးကြတာ ဖြစ်ပါတယ်။ (၃၁) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက် ပါတီထူထောင်ဖို့ တာဝန်ဟာ ကြီးလေးမှန်းသိတာမို့ အဲဒီတာဝန်ကို သူ့ရဲ့ညာလက်ရုံးလည်းဖြစ်၊ အာဏာသိမ်းဖို့ အစီအစဉ်ကို တရက်စောပြီး စီစဉ်ခဲ့ရတဲ့ ဗိုလ်မှူးကြီးသန်းစိန် (QMG) ကို ပေးအပ်ခဲ့ပြီး ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ အမည်ပေး ကြေညာပြီး တည်ထောင်ခဲ့တယ်။ ဗိုလ်မှူးကြီးသန်းစိန်ဟာ အဲဒီအလုပ်တာဝန်ကို သူ့အိမ်မှာ ဆောင်ရွက်ခဲ့တယ်။ နောင်မှာ သမ္မတဖြစ်လာမယ့် ဗိုလ်ချုပ်စန်းယုရဲ့ စစ်ဘက်စိတ်ပညာအရာရှိလည်းဖြစ်တဲ့ ဦးကိုကိုမောင်လို့လည်း ခေါ်ကြတဲ့ ဦးချစ်လှိုင်ဟာ ရေးဆွဲရာမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ နောက်ထပ်အဖွဲ့ဝင် တယောက်ကတော့ လူသေရင် လူပြန်ဖြစ်တယ်ဆိုတဲ့ နာမည်ကျော်ဘုန်းကြီး  တောင်တွင်းရှင်ဥက္ကဋ္ဌ ဖြစ်တယ်။ ပထမပိုင်းမှာ ဦးချစ်လှိုင်က အဓိကနေရာမှာ ပါဝင်ရေးဆွဲခဲ့ပြီး ဆိုရှယ်လစ်ဝါဒကို ပါတီရဲ့ ပဓာနအတွေးအခေါ်အဖြစ် အခြေခံထားခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းထံ တင်ပြတဲ့အခါ သူက အလွန်အမင်း ဒေါသထွက်ခဲ့ပြီး ရေးထားသမျှ အခြေခံသဘောတရားတွေကို လွှင့်ပစ်ပြီး ငြင်းပယ်ခဲ့တယ်။ သူက ဘာပြောခဲ့သလဲဆိုတော့ .. "မာ့က်စ်ဝါဒ ဆိုရှယ်လစ်ဝါဒ ဘာတခုမှ မလိုချင်ဘူး.. ငါ ဘာလုပ်မှာလဲဆိုတော့ ငါ့ဝါဒနဲ့ငါလုပ်မယ် ... ဒါပဲကွ" ။ ဒါဟာ ဗိုလ်နေဝင်း စေခိုင်းခဲ့တဲ့ သူ့ပါတီရဲ့ အတွေးအခေါ် သဘောတရားပါပဲ။ ရှေးလူကြီးတွေ ပြောခဲ့ကြသလိုပါပဲ… ဘုရင်ရဲ့ နှုတ်ထွက်စကားဟာ ဥပဒေပါပဲ။ အခုလည်း ဒီနေရာမှာ အတူတူပါပဲ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဟုတ်ပါဘူး၊ နေဝင်းဆိုရှယ်လစ်ပါတီပဲ မဟုတ်လား။ အဲဒီနောက် သူတို့အုပ်စုက နောက်တခေါက် ထပ်ရေးခဲ့ကြပြီး ဒီတခါတော့ ပါတီရဲ့ အတွေးအခေါ်က သဘာဝပတ်ဝန်းကျင်နဲ့ အညမည သဘောတရားဆိုပြီး နေဝင်း ဆိုရှယ်လစ်ဝါဒကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပြီး စစ်အာဏာရှင် တဦးတည်းရဲ့ အမိန့်အာဏာနဲ့ ဆက်လျှောက်ခဲ့ကြပါတော့တယ်။ (၃၂) ဇူလိုင် ၇ ရက် ကျောင်းသား သွေးမြေကျခြင်း (ဆဲဗင်းဂျူလိုင်) တနိုင်ငံလုံးဟာ ဗြောင်းဆန်အောင် ရှုပ်ထွေးနေတုန်း စစ်အာဏာသိမ်းပြီး ၄ လ အကြာမှာ ကျောင်းသားဆူပူမှု ရန်ကုန်မြို့တော်မှာ ဖြစ်ပွားခဲ့တော့တယ်။ ဇူလိုင်လ ၇ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်း ပရိဝုဏ်ကို စစ်တပ်က ဝိုင်းပတ်လိုက်ကြတယ်။ အဲဒီနောက်တော့ စစ်သားတွေဟာ ဆန္ဒပြကျောင်းသားတွေကို မောင်းပြန်သေနတ်တွေနဲ့ တွေ့တဲ့နေရာမှာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာဟာ အဓိပတိလမ်းမကြီးပေါ်သာမက အဆောင်တွေထဲထိအောင် ရက်ရက်စက်စက် ပစ်ခတ်ခဲ့တာမို့ ကျောင်းသားပေါင်း ရာချီ သေဆုံးခဲ့ရတာဟာ ဗိုလ်နေဝင်းရဲ့ ပွဲဦးထွက် လူသတ်ပွဲကြီးပဲ ဖြစ်တော့တယ်။ အဲဒီနောက်တော့ စစ်ဆင်ရေးရဲ့ ရှေ့တန်းမှူး ဗိုလ်မှူးကြီးစိန်လွင်နဲ့ နည်းဗျူဟာ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်ကြီးတို့ဟာ သမိုင်းဝင် တက္ကသိုလ်ကျောင်းသား အဆောက်အဦကိုတကယ်တော့ ကျောင်းသားသမဂ္ဂဆိုတာ တိုင်းတပါး ကျွန်မခံလိုတဲ့ စိတ်ဓာတ်၊ကိုယ်ပိုင်လွတ်လပ်ရေးအတွက် တိုင်းချစ်ပြည်ချစ် အမျိုးသားရေးစိတ်ဓာတ်တွေ ကိန်းအောင်း သန္ဓေတည်ရာ ဝမ်းကြာတိုက်နဲ့တူသလို ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ကိုရာရှစ်၊ ကိုဘဟိန်း၊ ကိုဘဆွေနဲ့ တခြား ကျောင်းသားခေါင်းဆောင် မြောက်မြားစွာကို မွေးထုတ်ပေးခဲ့ရာ သမိုင်းဝင်ဌာနကြီး နောက်နေ့မှာ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ် မဟုတ်ပါလား။ သူတို့ဖျက်ဆီးခဲ့ကြတာဟာ ဗိုလ်အောင်ကျော် အထိမ်းအမှတ်လေးသာ ကျန်ရစ်ခဲ့တော့တယ်။ တော်လှန်ရေးကောင်စီက တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ကောလိပ်ကျောင်းတွေ အကုန်လုံးပိတ်လိုက်ကြောင်း ရေဒီယိုကနေ ကြေညာခဲ့တယ်။ နောက်ပိုင်းခေတ်မှာ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားလာခဲ့တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဘယ်သူဖြိုဖျက်ခဲ့သလဲဆိုတဲ့ အကြောင်းဟာ စစ်အုပ်စုအတွင်းကနေ ဒီကိစ္စ ပြန်လည်ပေါ်ထွက်လာခဲ့တယ်။ အဖြေက အထက်မှာ ရေးပြခဲ့သလို အလွန်ရှင်းလင်းပါတယ်။ ဗိုလ်နေဝင်းရဲ့ လက်ရာ ခြေရာတွေဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ သစ္စာခံနောက်လိုက် ဒေါက်တာမောင်မောင်က သူက သမ္မတအဖြစ်နဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို အတူတူ ပျော်ပျော်ပါးပါး အုတ်မြစ်ချရအောင် ကျောင်းသားတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ကျောင်းသားတွေက လက်မခံခဲ့တော့ပါဘူး။ ကျောင်းသားတွေက ကျောင်းသားတွေကို သတ်ခဲ့သူလည်းဖြစ်၊ ကရင်ခေါင်းဆောင် စောဘဦးကြီးကို သတ်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်စိန်လွင်ကို သားသတ်သမားလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) မှာ ဗိုလ်နေဝင်းက ဗိုလ်မှူးကြီးဘဝမှာ ဗိုလ်စိန်လွင်ဟာ တပ်ကြပ်အဆင့်သာ ရှိပါတယ်။ အဲဒီနောက်တော့ ဖိနှိပ်မှုတွေဟာ ပိုမိုပြင်းထန်ပြီး အရှိန်ရတော့တယ်။ ရှိရှိသမျှ နိုင်ငံရေးပါတီတွေကို တရားမဝင်ကြောင်း ကြေညာခဲ့တယ်။ ဘဏ်လုပ်ငန်းတွေ၊ နိုင်ငံခြားကုမ္ပဏီကြီးတွေ အပါအဝင် စီးပွားရေးလုပ်ငန်းကြီးတွေ အားလုံးကို ပြည်သူပိုင် သိမ်းခဲ့တယ်။ ကျောင်းသားခေါင်းဆောင် အများစုဟာ အဖမ်းအဆီးခံခဲ့ရတယ်။ ကျနော်တို့ မန္တလေး ကျောင်းသားခေါင်းဆောင်တွေလည်း ၂ လလောက် တိမ်းရှောင်ခဲ့ကြရတယ်။ စာရေးသူကိုယ်တိုင်လည်း အတန်းဖော်သူငယ်ချင်း ဂုဏ်ထူးဦးသိန်းနိုင်တို့အိမ်ရှိရာ မုံရွာတဖက်ကမ်း စလင်းကြီးမှာရှိတဲ့ ကျေးလက်တောရွာပိုင်းဖြစ်တဲ့ တန်ဘူးဘက်ကို တိမ်းရှောင်ခဲ့ရတယ်။ သူတို့ဟာ… လအနည်းငယ်ကြာပြီးတဲ့နောက် မိဘတွေရဲ့ တာဝန်ခံမှု ရယူပြီး ကောလိပ်တွေကို ပြန်ဖွင့်ပေးခဲ့တယ်။ အပိုင်း (၁၆) ဆက်ရန် ...... (The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေးကသောင်းကနင်းများ” အမည်နဲ့  မြန်မာဘာသာ ပြန်ဆိုရေးသားခဲ့ပါတယ်။) မင်းကောင်းချစ်
3 years Ago

December 14, 2017

ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (အပိုင်း ၁၀)

အောင်ဆန်း - အက်တလီစာချုပ် - ပင်လုံညီလာခံ - အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်း (The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ဗမာ့နိုင်ငံရေးကသောင်းကနင်းများ” အမည်နဲ့ မြန်မာဘာသာ ပြန်ဆိုရေးသားခဲ့ပါတယ်။) (၂၁) အောင်ဆန်း-အက်တလီစာချုပ် လန်ဒန်မှာကျင်းပတဲ့ အစည်းအဝေးမှာ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းမှုတရပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာတောင် အဖွဲ့အစည်း အသီးသီးနဲ့ အလွှာအသီးသီးက ဗမာ့နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်။ အဲဒီကိုယ်စားလှယ်တွေထဲမှာ ဗမာ့ခေတ်သတင်းစာကို တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလမှာ အသတ်ခံခဲ့ရတဲ့ အိုင်စီအက်စ် ဦးတင်ထွဋ်လည်း တယောက်အပါအဝင် ဖြစ်တယ်။ ဦးတင်ထွဋ် အသတ်ခံရတဲ့အမှုဟာ ဒီနေ့အထိ လက်သည်မပေါ်သေးပါဘူး။ တချို့ပြောကြတာက ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တဦးလည်းဖြစ်ပြီး မယားငယ်ထား အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် သတင်းစာတွေထဲမှာ မီးခွက်မှုတ်တယ်လို့ ဖော်ပြခံရတဲ့ သခင်တင် လက်ချက်လို့ ဆိုကြတယ်။ ကျနော်ဟာ ရှေ့နေများရဲ့ ဘားကောင်စီ ဒုတိယဥက္ကဋ္ဌ သခင်ချစ်နဲ့ အလွန်ရင်းနှီးခဲ့ဖူးပါတယ်။ သခင်ချစ်နဲ့ အရင်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ အလုပ်အမှုဆောင်အဖြစ် လုပ်ခဲ့ဖူးပြီး အခုအခါမှာ အမေရိကန်နိုင်ငံမှာ နေထိုင်နေတဲ့ ၁၉၅၃ ခုနှစ် အောက်တိုဘာ ကျောင်းသားသပိတ် ခေါင်းဆောင် ဒေါ်မြင့်မြင့်ခင်ရယ်၊ ဘားကောင်စီအတွင်းရေးမှူးဖြစ်တဲ့ ကျနော့်ဦးလေး ဦးဝင်းကြည်တို့ဟာ မန္တလေးကို ၁၉၇၀ ဝန်းကျင်များဆီတုန်းက သူတို့ အမှုကိစ္စတွေအတွက် ရောက်လာလေ့ရှိပါတယ်။ သူတို့လာတိုင်း ကျနော့်အိမ်မှာ အမြဲတမ်းလိုလို ဧည့်ခံကျွေးမွေးရင်း ပြောကြဆိုကြရင် မဆုံးနိုင်အောင် ပြောဖြစ်ကြတာကတော့ နိုင်ငံရေးအကြောင်းတွေပါပဲ။ သခင်ချစ်ဟာ လန်ဒန်စည်းဝေးပွဲကို သခင်ဗစိန်ရဲ့ ကိုယ်ရေးအရာရှိအနေနဲ့ တက်ရောက်ခဲ့သူပါ။ ဗမာ့လွတ်လပ်ရေးအတွက်လုပ်တဲ့ အဲဒီလန်ဒန်စည်းဝေးပွဲ အကြောင်းကို ကျနော်က ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ သခင်ချစ်ကို မေးမြန်းခဲ့ပါတယ်။ သူက အဲဒီတုန်းက မြင်ကွင်းတွေကို ဒီလို ပြောပြခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အက်တလီတို့က ဆွေးနွေးပွဲမှာ စားပွဲတဖက်တချက်စီမှာ မျက်နှာချင်းဆိုင် ထိုင်ခဲ့ကြတယ်။ နှစ်ဖက်ကိုယ်စားလှယ်တွေ မိတ်ဆက်အပြီးမှာ ဗိုလ်ချုပ်အောင်ဆန်းက စတင်ပြီး တနိုင်ငံလုံးကို လုံးဝ လွတ်လပ်ရေးပေးဖို့ ယဉ်ကျေးစွာ တောင်းဆိုခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ပြောဆိုမှုဟာ အလွန်ပြတ်သားစွာ ဆုံးဖြတ်ချက်ချပြီးကြောင်းနဲ့ အောင်မြင်အောင် မဖြစ်မနေ လုပ်မယ့်ဟန်က အထင်းသား ပေါ်လွင်နေခဲ့တယ်။ နန်းရင်းဝန် အက်တလီကတော့ နားထောင်ရုံသာ နားထောင်နေခဲ့ပြီး အဲဒီတောင်းဆိုဆွေးနွေးချက်အပေါ် ဘာအဖြေမှ မပေးခဲ့ဘူး။ ဗြိတိသျှ ကိုယ်စားလှယ်တွေဘက်က ဗြိတိသျှ ဓနသဟာယလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ လက်ခံဖို့ ပြောဆိုဆွေးနွေးခဲ့တယ်။ ဗမာကိုယ်စားလှယ်တွေဘက်က တပြည်လုံးအတွက် လုံးလုံးလွတ်လပ်ရေးနဲ့ ဗြိတိသျှ ဓနသဟာယအောက်မှာ မနေရေးကိုသာ ဆွေးနွေးခဲ့ကြတယ်။ ဆက်ဆွေးနွေးခဲ့ကြပေမယ့် နှစ်ဖက်လုံး သဘောတူညီတဲ့အဆင့်ကို မရောက်ခဲ့ပါဘူး။ ဆွေးနွေးပွဲကို နောက်နေ့မှာ ဆက်ဆွေးနွေးဖို့ ထပ်မံချိန်းဆိုခဲ့ကြတယ်။ ဗမာကိုယ်စားလှယ်တချို့က ဗိုလ်ချုပ်ရဲ့ ပြတ်သားတဲ့ တောင်းဆိုချက်အပေါ် အတော်စိုးရိမ်ခဲ့ကြတာကြောင့် သူတို့ဟာ သခင်ဗစိန်နဲ့ တခြားခေါင်းဆောင်တွေနဲ့ အဲဒီကိစ္စကို ဗိုလ်ချုပ်ကွယ်ရာမှာ တိုင်ပင်ပြီး တင်းမာမှုတွေ လျှော့ချဖို့ ကြိုးစားခဲ့ကြသေးတယ်။ အဲဒီမှာ ဦးကျော်ငြိမ်းက ဗြိတိသျှကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုလုပ်ပြီး အပေးအယူ အလျှော့အတင်း လုပ်ခဲ့သေးတယ်။ နောက်တနေ့ မနက်ခင်း အစည်းအဝေးမှာတော့ အက်တလီက သူ့ရဲ့ ကိုယ်ရေးအရာရှိကို လေသံတိမ်တိမ်လေးနဲ့ ဒါဟာ မင်း ငါ့ကို မနေ့ကပြခဲ့တဲ့ စာရွက်ပဲ မဟုတ်လားလို့ တိုးတိုးလေး မေးမြန်းခဲ့ရတယ်။ ကိုယ်ရေးအရာရှိက ခေါင်းကိုသာ ညိတ်ပြခဲ့ပြီးတဲ့နောက် ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ သဘောတူညီခဲ့ကြရတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတိုက်အခံနှစ်ဦးဖြစ်တဲ့ သခင်ဗစိန်နဲ့ ဂဠန်ဦးစောတို့ဟာ အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်မရေးထိုးခဲ့ကြပါဘူး။ (၂၂) ပင်လုံညီလာခံ လန်ဒန်အစည်းအဝေး ကျင်းပနေတုန်းမှာ “အောင်ဆန်းက ငါတို့ရဲ့ကိုယ်စားလှယ် မဟုတ်ဘူး။ ငါတို့ အင်္ဂလိပ်လက်အောက်မှာ အရင်အတိုင်း ဆက်နေမယ်” ဆိုတဲ့ ကြေးနန်းစာတစောင်ဟာ မုန်တိုင်းပမာ ရုတ်တရက် ရောက်လာခဲ့တယ်။ အဲဒီကြေးနန်းစာဟာ ဗြိတိသျှကိုလိုနီတွေ နောက်ခံပြုထားတဲ့ ရှမ်းစော်ဘွားအုပ်စုတွေထံက လာခဲ့တာဖြစ်တယ်။ အဲဒီနောက် သိပ်မကြာခင် “ငါတို့ လွတ်လပ်ရေးလိုချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ငါတို့ရဲ့ ကိုယ်စားလှယ် အစစ်အမှန်ပဲ” လို့ဆိုတဲ့ နောက်ထပ် ကြေးနန်းစာတစောင် ထပ်ရောက်လာတယ်။ အဲဒီကြေးနန်းစာကိုတော့ ရှမ်းပြည်နယ် လွတ်မြောက်ရေးအဖွဲ့က ပို့ခဲ့တယ်လို့ အရင်ဝန်ကြီးဟောင်းလည်းဖြစ်ပြီး တောင်ကြီးမြို့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူလည်းဖြစ်တဲ့ ကျနော့်ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် လင်းခေးဦးထွန်းမြင့် ပြောပြလို့ သိခဲ့ရတာပါ။ အောင်ဆန်း-အက်တလီ စာချူပ်ကို ချုပ်ဆိုနိုင်ခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကတော့ ကြေးနန်းစာတွေကိစ္စကို ဖြေရှင်းရတော့မှာပါ။ ဒါကြောင့် ဗိုလ်ချုပ်ဟာ ဗမာနိုင်ငံကို ပြန်ရောက်တာနဲ့ ရှမ်းစော်ဘွားတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး ဗြိတိသျှ လေဘာပါတီအစိုးရ ကိုယ်စားလှယ်တွေ၊ အဆင့်မြင့်ရာထူးရှိတဲ့ ကိုလိုနီအရာရှိကြီးတွေ ရှေ့မှောက်မှာ နာမည်ကျော် ပင်လုံညီလာခံကြီးကို ကျင်းပနိုင်ဖို့ မဆိုင်းမတွ ကြိုးပမ်းခဲ့တော့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်ခွင့်၊ ဘဏ္ဍာငွေကြေး သယံဇာတခွဲဝေမှု၊ ပြည်ထောင်စုမူ၊ ခွဲထွက်ခွင့် အစရှိတဲ့ ရှည်လျားပြီး ထိလွယ်ရှလွယ်တဲ့ ပြဿနာပေါင်းများစွာကို တနေ့လုံးနဲ့ တညလုံး အပြင်းအထန် ဆွေးနွေးငြင်းခုံခဲ့ကြရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အလွန်စိတ်ရှည်ရှည်ထား အပင်ပန်းအဆင်းရဲခံလို့ အဲဒီပြဿနာ အားလုံးကို ညှိနှိုင်းဖြေရှင်းခဲ့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း ကြိုးပမ်းဆွေးနွေးလာကြရင်း အချိန်တိုတိုလေးသာ ကျန်တော့တဲ့ နောက်ဆုံးအချိန်ပိုင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ လင်းအားကြီးအချိန် နံနက် ၄ နာရီလောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ လန်ဒန်စည်းဝေးပွဲတုန်းက သူ အဆိုပြုတောင်းဆိုခဲ့တဲ့ လုံးဝလွတ်လပ်ရေးနဲ့ ဗြိတိသျှ ဓနသဟာယ လက်အောက်မခံရေးဆိုတဲ့ သဘောတူညီချက်ကို ရယူနိုင်ခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီသဘောတူညီချက်ကို ရဖို့ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကျော်ရင် ခွဲထွက်လိုက ခွဲထွက်ခွင့်ပေးရမယ်ဆိုတဲ့ ကတိတခုကို အထူးသဖြင့် ရှမ်းစော်ဘွားတွေအတွက် ပေးခဲ့ရတယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက်တော့ အဲဒီခွဲထွက်ခွင့်ကို အကြောင်းပြုလို့ တိုင်းရင်းသား လူမျိုးငယ်စု အမြောက်အမြားဟာ လက်နက်ကိုင် တော်လှန်ခဲ့ကြတယ်။ ဒီကနေ့ အခြေအနေမှာတော့ ဗမာနိုင်ငံတွင်း ရှိရှိသမျှ လူမျိုးစုငယ်အားလုံးမှာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေခဲ့ပါပြီ။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ လုယူသိမ်းပိုက်ပြီးတဲ့နောက်မှာတော့ ပြည်တွင်းစစ်ကြီးဟာ ဗမာတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြန့်ပွားလောင်မြိုက်ခဲ့တာဟာ ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံတွေထံ စစ်ဒဏ်ဟာ ကူးစက်ထိခိုက်လို့နေပါပြီ။ အဲဒီလို အကောင်းအဆိုး ဒွန်တွဲနေပြီး နောက်ဆုံးမှာတော့ လွတ်လပ်ရေးမကိုဋ်ပန်းကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပင်လုံညီလာခံကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကိုယ်စားလှယ်ပေါင်း ၃၃ ဦး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လွတ်လပ်ရေးရကတည်းက တရားဝင်ရုံးပိတ်ရက်လို့ သတ်မှတ်ခဲ့ပြီး ပြည်ထောင်စုနေ့အဖြစ် အထိမ်းအမှတ်ပြု ကျင်းပခဲ့တာ ဒီနေ့အထိတိုင်အောင်ပါပဲ။  ပင်လုံစာချုပ်ကို လက်မှတ်ထိုးတဲ့ထဲက လူတချို့ကို ကျနော် သိပါတယ်။ ဦးလဘန်ဂေါင်၊ ဦးထွန်းအေး(ရှမ်း)၊ ဦးခွန်ကြာဖြူ၊ ဦးထွန်းမြင့်(တောင်ကြီး)၊ လင်းခေးဦးထွန်းမြင့်၊ ဦးမန်းထွန်း(ပင်လုံ) စတဲ့သူတွေပါပဲ။ လွတ်လပ်ရေးအကြို ကက်ဘိနက်အစည်းအဝေးမှာ ဘုရင်ခံက ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချူပ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ခဲ့ရတယ်။ ဗြိတိသျှကိုလိုနီ အစိုးရအတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရဖွဲ့ခွင့်ပေးဖို့မှတပါး အခြားရွေးစရာလမ်း မရှိစေတော့တာက ဗိုလ်ချုပ်ရရှိထားတဲ့ လူသူအများ ကြည်ညိုလေးစား အသိအမှတ်ပြုခံထားရတဲ့ လူထုခေါင်းဆောင်ပုံရိပ်အပြင် တနိုင်ငံလုံး အတိုင်းအတာက ထောက်ခံနေကြတဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးကြောင့်ပါပဲ။ ဗြိတိသျှတွေဟာ ဂျပန်ခေတ်တုန်းက ဝန်ကြီးချုပ် ဒေါက်တာဘမော်နဲ့ နောက်ဆုံး ဗြိတိသျှခေတ်က နန်းရင်းဝန် ဂဠန်ဦးစောတို့ကိုပါ လျစ်လျူရှုခဲ့ရပါတော့တယ်။ မျိုးချစ်ပါတီထောင်ခဲ့တဲ့ ဂဠန်ဦးစောရဲ့အိပ်မက်ဖြစ်တဲ့ ကိုလိုနီအစိုးရရဲ့ ဖိတ်ကြားချက်အရ အစိုးရဖွဲ့ခွင့်ရမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်ဟာ အကောင်အထည် ပေါ်မလာခဲ့တော့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ အစိုးရဖွဲ့ပြီးတဲ့နောက် ထိရောက်သွက်လက်ချောမွေ့စွာ အုပ်ချုပ် ဦးဆောင်ခဲ့ပါတော့တယ်။ (၂၃) အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရခြင်း ဦးစောရဲ့ ဝန်ကြီးချုပ်အိပ်မက် ပျောက်ပျက်သွားခြင်းနဲ့အတူ သူ့ရဲ့ မရောင့်ရဲနိုင်မှုတွေဟာ တနေ့တခြား တဖြည်းဖြည်း တိုးပွားလာခဲ့တယ်။ အဲဒီအချိန် အင်္ဂလန်မှာက ချာချီနဲ့ သူ့ပါတီဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အက်တလီနဲ့ သူ့ရဲ့ လေဘာပါတီ အာဏာရလာခဲ့တယ်။ အက်တလီက ဗိုလ်ချုပ်အောင်ဆန်းကို သဘောကျပေမယ့် ချာချီကတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဗမာ့လွတ်လပ်ရေး ရုန်းကန်မှုကို အတိုက်အခံပြုသူ ဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ချာချီဟာ ဗမာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်မှာ ပြည်တွင်းစစ်ဖြစ်မယ်လို့ မလိုမုန်းထားစိတ်နဲ့ နိမိတ်ဆိုး ဖတ်ခဲ့သတဲ့။ ယုံချင်မှ ယုံကြလိမ့်မယ်၊ စစ်စည်းကမ်းကောင်းလှပါတယ်ဆိုတဲ့ အင်္ဂလိပ်စစ်တပ်က ဘရင်းဂန်းစက်သေနတ် အလက် ၂၀၀ နဲ့ အခြားစစ်လက်နက်ပစ္စည်း ကျည်ဆန်အပြည့်အစုံ ဂဠုန်ဦးစောကို ထုတ်ပေးခဲ့တယ်။ အင်္ဂလိပ်တွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလို လူသတ်စစ်လက်နက်တွေကို ထုတ်ပေးခဲ့ရတာလဲ? ဂဠုန်ဦးစောကကော လူပေါင်းများစွာကို လက်နက်တပ်ဆင်နိုင်လောက်တဲ့ စစ်လက်နက်တွေနဲ့ ဘာလုပ်မှာလဲ? ဒါတွေဟာ ဖုံးဖိမရတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်တယ်။ ဒီအဖြစ်အပျက်ဟာ ဘာကို ထင်ထင်ရှားရှား မီးမောင်းထိုးပြနေတာလဲဆိုတော့ ဂဠုန်ဦးစောရဲ့ နောက်ကွယ်မှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့အစိုးရ မားမားရပ်နေတယ်ဆိုတဲ့ အချက်ကိုပါပဲ။ ဦးစောဟာ သူ့လူတွေကို အပစ်အခပ်နဲ့ တခြား စစ်ရေးလေ့ကျင့်မှုတွေကို ရန်ကုန်မြို့ အင်းယားကန်မြောက်ဘက်က အမှတ် ၄ အေဒီလမ်းမှာရှိတဲ့ သူ့ရဲခြံဝင်းကြီးထဲမှာ ပြင်ဆင်လေ့ကျင့်ခဲ့ကြတယ်။ အဲဒီမှာတင် ဗမာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းမှာ ကြေကွဲဝမ်းနည်းဖွယ် အကောင်းဆုံးနဲ့ အားလုံး တုန်လှုပ်ချောက်ချားခဲ့ရတဲ့ နေ့တနေ့ဟာ လွတ်လပ်ရေးမရခင် ၆ လ အလိုမှာ ဖြစ်ပွားခဲ့တော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကက်ဘိနက် အစိုးရဝန်ကြီးတွေဟာ စပတ်ခ်လမ်း (အခုတော့ ဗိုလ်အောင်ကျော်လမ်း) မှာရှိတဲ့ အတွင်းဝန်ရုံးထဲမှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တိတိမှာ အစည်းအဝေးကို စတင်ခဲ့ကြတယ်။ အစည်းအဝေးစပြီး မရှေးမနှောင်းလေးမှာပဲ ဗြိတိသျှတပ်မတော်အမှတ် (၁၂) စစ်ဝတ်စုံတွေ ဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ဦးစောရဲ့ သေနတ်သမားတွေဟာ ဂျစ်ကားတစီးနဲ့ ရောက်ရှိလာခဲ့တယ်။ ကြိုတင်လေ့ကျင့်ထားကြတာမို့ လူသတ်သမားတွေဟာ အစိုးရဝန်ကြီးတွေ စည်းဝေးနေတဲ့ ခန်းမထဲကို အခက်အခဲမရှိဘဲ ဝင်ရောက်နိုင်ခဲ့ကြတယ်။ ရောက်တာနဲ့ ချက်ချင်း မဆိုင်းမတွဘဲ သေနတ်သမားတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပေါင်းအပါတွေကို ရက်ရက်စက်စက် ပစ်ခတ်ခဲ့ကြတယ်။ ဗိုလ်ချုပ်ဟာ ကျည်ဆန် ၁၃ တောင့် ထိမှန်လို့ ကြမ်းပြင်ပေါ် လဲကျသွားခဲ့ရတဲ့အချိန်မှာ သူ့အသက်ဟာ ၃၂ နှစ်သာ ရှိပါသေးတယ်။ သခင်မြ၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ ဆရာကြီးဦးရာဇာတ် (ခ) အဗ္ဗဒူရာဇာတ်၊ မန်းဘခိုင်၊ စပ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင်နဲ့ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ဟာ လုပ်ကြံသူတွေ ပစ်ခတ်တဲ့ ကျည်ဆန်တွေ ထိမှန်လို့ ကျဆုံးခဲ့ရတယ်။ ဦးနု၊ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ဇံဝေ၊ ပုဂံဦးဘဂျမ်း၊ ဦးကျော်ငြိမ်းနဲ့ စောစံဖိုးသင်တို့ ကံကောင်းထောက်မစွာ ဒဏ်ရာမရဘဲ အသက်ဘေးက လွတ်မြောက်ခဲ့တယ်။ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘာ့ရန့်ရဲ့ အစီအမံနဲ့ ကျဆုံးခဲ့ရတဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ ကျန်ရစ်သူ မုဆိုးမအားလုံးကို ရူဘီငွေ ၁၀၀,၀၀၀ ကို နစ်နာကြေးအဖြစ် ပေးအပ်ခဲ့တယ်။  ဗိုလ်ချုပ်အောင်ဆန်းဟာ ဇနီးဒေါ်ခင်ကြည်နဲ့အတူ သားသမီး ၃ ဦးကို ထားရစ်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တယောက်အပါအဝင်ဖြစ်ပြီး အငယ်ဆုံးသမီးလည်း ဖြစ်ပါတယ်။ အဲဒီနိုင်ငံတော်လုပ်ကြံမှုကြီးမှာ စုစုပေါင်း လူ ၉ ဦး အသက်ဆုံးပါးခဲ့ရတယ်။ ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေးကို ချက်ချင်း ခေါ်ယူခဲ့ရပြီး ဦးနုကို အဖွဲ့ကြီးရဲ့ ဒု-ဥက္ကဋ္ဌနေရာ တင်မြှောက်ခဲ့တယ်။ ဦးနုဟာ အစိုးရတရပ်ဖွဲ့စည်းဖို့ အင်္ဂလိပ်ဘုရင်ခံရဲ့ ဖိတ်ကြားခံခဲ့ရတယ်။ ဂဠုန်ဦးစောအိမ်ကို ပုလိပ်တွေက ညနေသုံးနာရီမှာ ဝိုင်းရံလိုက်ကြပြီး လုပ်ကြံမှုနဲ့ပတ်သက်တဲ့ လက်နက်၊ စစ်အသုံးအဆောင်တွေနဲ့တကွ ဦးစောအပါအဝင် ကြံရာပါ လူသတ်သမားတွေကို ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တော့တယ်။ (၁၉၉၃ ခုနှစ်မှာ ဘန်ကောက်မြို့က ကြာဖြူကုမ္ပဏီက ထုတ်ဝေခဲ့တဲ့ ဆရာခင်အောင် ရေးသားတဲ့ “အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်ကောက်နုတ်ချက်)။ ဘုရင်ခံ ဆာဟူးဘာ့ရန့်ဟာ အဖွဲ့ဝင် သုံးဦးပါတဲ့ အထူးတရားစီရင်ရေးခုံရုံးအဖွဲ့ကို ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖွဲ့စည်းစေခဲ့တယ်။ တရားသူကြီး ဦးကျော်မြင့်က ခုံရုံးအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး စက်ရှင်တရားသူကြီးတွေ ဖြစ်တဲ့ ဦးအောင်သာဂျော်နဲ့ ဦးစီဘူးတို့က အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ နိုင်ငံတော်လုပ်ကြံမှုကြီးကို အင်းစိန် ဗဟိုအကျဉ်းထောင်ထဲက အထူးတရားခုံရုံးမှာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်စစ်ဆေးစီရင်ခဲ့တယ်။ (၁) ဦးစော - လုပ်ကြံမှုစေခိုင်းသူ အဖွဲ့ခေါင်းဆောင် (၂) မောင်စိုး - လုပ်ကြံသူ သေနတ်သမား (၃) သက်နှင်း - လုပ်ကြံသူ သေနတ်သမား (၄) မောင်စိန် (ခ) စိန်ကြီး (ခ) လှအောင် - လုပ်ကြံသူ သေနတ်သမား (၅) ရန်ကြီးအောင် (ခ) လှထွန်း - လုပ်ကြံသူ သေနတ်သမား (၆) သုခ - ကြံရာပါ ကားမောင်းပို့သူ (၇) ခင်မောင်ရင် - ကြံရာပါ (၈) မောင်နီ (ခ) ဘိုနီ - ကြံရာပါ (၉) မှုံကြီး (ခ) မောင်မှုံ - ကြံရာပါ။ ဦးစောအတွက် အံအားသင့်စေတဲ့ အချက်က သူတို့အုပ်စုထဲက ပညာအတတ်ဆုံးလို့ ဆိုရမယ့် ဘညွန့်က အစိုးရသက်သေအဖြစ် ခုံရုံးရဲ့ သက်ညှာတဲ့ စီရင်ချက်ကို ယူခဲ့တယ်။ အမှုကို စုံစမ်းစစ်ဆေးခြင်းတွေ လုပ်ဆောင်ပြီးတဲ့နောက် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ကို ချမှတ်ခဲ့တယ်။ သူတို့အားလုံးဟာ သေဒဏ်ချမှတ်ခံခဲ့ရတယ်။ ဒါပေမယ့် အသနားခံစာတင်ပြီးတဲ့နောက် ကြံရာပါတွေသာဖြစ်တဲ့ ခင်မောင်ရင်၊ သုခနဲ့ မောင်နီတို့ဟာ နှစ် ၂၀၊ တသက်တကျွန်းကို ပြောင်းလဲကျခံခဲ့ရတယ်။ အဲဒီအချိန်မှာ ဗမာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ မတည်ငြိမ်မှုတွေနဲ့ ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီးတလုံးလို ဖြစ်နေခဲ့တယ်။ နိုင်ငံရေးလုပ်သက်ရင့်နေတဲ့ ဒေါက်တာဘမော်တို့၊ သခင်ဗစိန်တို့က လက်ယာအုပ်စုတွေ ဖြစ်သလို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်အဖွဲ့နဲ့ ငယ်ရွယ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ကျောင်းသားသမဂ္ဂတွေက လက်ဝဲအုပ်စုဝင်တွေ ဖြစ်ကြတယ်။ ဦးနုနဲ့ ဆိုရှယ်လစ်ပါတီတွေကတော့ အာဏာနိုင်ငံရေးအတွက် လှုပ်ရှားနေချိန်မှာ စစ်တပ် ခေါင်းဆောင်ပိုင်းကတော့ သူတို့အကြိုက်နဲ့ သူတို့ ဆန့်ကျင်ဘက် အုပ်စုနှစ်ဘက်လုံးမှာ ပါဝင်ခဲ့ကြတယ်။ အပိုင်း (၁၁) ဆက်ရန် ...... မင်းကောင်းချစ်
3 years Ago
More News
Up