ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ အခန်းဆက် (အပိုင်း ၁၄)

January 17, 2018

ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ (အပိုင်း ၁၄)

ဖဆပလ နှစ်ခြမ်းကွဲခြင်း အာဏာလက်ကိုင်ရထားသူတွေက အမှားတွေ ပိုကျူးလွန်လေလေ လူထုအတွင်း မငြိမ်သက်မှု၊ ဆန္ဒပြမှု၊ တော်လှန်ပုန်ကန်မှုတွေ ပိုလို့တိုးပွားလာပြီး သူတို့အုပ်စုထဲက လူတွေသာမက တိုင်းသူပြည်သားတွေကပါ သူတို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လာခဲ့ကြတော့တယ်။ ဦးကျော်ငြိမ်းဟာ ကျောင်းသားတွေကို ထိုးဖောက်ဖို့ ရည်ရွယ်ချက်နဲ့ သူ့အမျိုးသမီး ဒေါ်နွဲ့ရီ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ကျောင်းသားတပ်ဦး (Democratic Student Organization – DSO) ကို ဖွဲ့စည်းခဲ့တယ်။ သူတို့ရဲ့ နောက်လိုက်တွေက သူမကို မာမီနွဲ့လို့ ခေါ်ကြပေမယ့် ကျောင်းသားလူငယ် အများစုက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြပါတယ်။ နောက်တော့ အာဏာလက်ကိုင်ရသူတွေရဲ့ ဇနီးမယားတွေကြားမှာလည်း စပြီး အကွဲအပြဲတွေ ထင်ရှားလာခဲ့တယ်။ ဥပမာ- ဦးနု ဇနီး ဒေါ်မြရီနဲ့ ဦးကျော်ငြိမ်း ဇနီး မာမီနွဲ့တို့ဟာ လူပုံအလယ်မှာတောင် တယောက်ကို တယောက် စကားမပြောနိုင်ကြတော့ဘူးလေ။ မကြာခင်မှာဘဲ သူတို့ရဲ့ အကွဲအပြဲဟာ ဖုံးလို့ ဖိလို့ မရတော့ဘဲ ကွယ်လွန်သွားရှာတဲ့ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးဟာ ဦးနုက တဖက်၊ ဆိုရှယ်လစ်တွေက တဖက် နှစ်ခြမ်းကွဲတဲ့ အဖြစ်ကို နောက်ဆုံး ဆိုက်ရောက်လာခဲ့ပါတယ်။ ဦးနုနဲ့ သခင်တင်က သန့်ရှင်းဖဆပလအဖွဲ့ကို ဦးဆောင်ခဲ့ပြီး၊ ဦးဘဆွေနဲ့ ဦးကျော်ငြိမ်းတို့က တည်မြဲဖဆပလအဖွဲ့ကို ဦးဆောင်ခဲ့ကြတယ်။ နောက်ထပ် အာဏာငန်းဖမ်းနေတဲ့ ဗိုလ်ချုပ်နေဝင်းကတော့ မြင်းပွဲတွေကို မယ်ဗမာ စတဲ့ မိန်းမချောလေးတွေနဲ့ အသွားအလာမပျက်ရှိပြီး ငြိမ်သက်သယောင် ရှိနေပေမယ့် နိုင်ငံရေး အခြေအနေ၊ အပြောင်းအလဲတွေကို ဘယ်တော့မှ လျစ်လျူမရှုခဲ့ဘူး။ သူဟာ ၁၉၅၄၉ ခုနှစ်တုန်းက အာဏာသိမ်းပွဲ အကြိုလေ့ကျင့်ခန်း ဝင်ခဲ့ပြီးပြီလေ။ ဖဆပလ အဖွဲ့ချုပ်ဝင်တွေ အထူးသဖြင့် အာဏာထိပ်တန်း အကျော်အမော်တွေကြားမှာ အကြီးအကျယ် ကွဲပြဲတဲ့အချိန်ဟာ သူ့အတွက်တော့ အခွင့်ကောင်းအချိန်ပဲပေါ့။ ဒါ့ကြောင့်မို့ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲဟာ လွယ်ကူလှပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးချုပ်ဦးနုက သူ့သိက္ခာကို ဆယ်ဖို့ ပါလီမန်မှာ ဥပဒေပြုလို့ ဗိုလ်ချုပ်နေဝင်းကို အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ် အာဏာလွှဲအပ်ပေးခဲ့ရတော့တယ်။ စစ်အုပ်ချုပ်ရေး ကာလဟာ ၂ နှစ်သာ ကြာမြင့်ခဲ့ပေမယ့် သူတို့ရဲ့ မြို့တော်ကို ရှင်းလင်းဆိုတဲ့ ပေါ်လစီဟာ အလွန်ရက်စက်ကြမ်းကြုတ်လှပြီး မရှိဆင်းရဲသား ကျူးကျော်သူတွေကို ဇွတ်အဓမ္မ ဖယ်ရှားခဲ့ကြတယ်။ ရန်ကုန်မှာ တောင်ဥက္ကလာ၊ သာကေတ စတဲ့ မြို့သစ်တွေ တည်ခဲ့သလို နိုင်ငံတဝန်းက တချို့မြို့တွေမှာ ရပ်ကွက်သစ်တွေ ချဲ့ခဲ့ကြတယ်။ အဲဒီတုံးက ရန်ကုန်မြို့တော်ဝန်က ဗိုလ်မှူးကြီးထွန်းစိန်(စစ်ကိုင်း) ဖြစ်တယ်။ သူတို့က အတိုက်အခံ နိုင်ငံရေး  ခေါင်းဆောင်အားလုံးကို ဖမ်းဆီးခဲ့ပြီး ကိုကိုးကျွန်းကို ပို့ခဲ့တယ်။ အာဏာသိမ်း စစ်တပ်ဟာ လူထုကို အလွန်အကျွံ ဖိနှိပ်အုပ်ချုပ်ခဲ့ကြတယ်။ ကွဲသွားတဲ့ ဖဆပလအဖွဲ့ နှစ်ဖက်စလုံးက ရွေးကောက်ပွဲအတွက်  ပြင်ဆင်ခဲ့ကြတယ်။ ဦးနုဟာ သူ့ရဲ့ သန့်ရှင်းဖဆပလပါတီကို  ပြည်ထောင်စုပါတီ (Union Party) လို့ အမည်ပြောင်းခဲ့တယ်။ စစ်တပ်အုပ်စု တည်မြဲဖဆပလဘက်က ဗြောင်ထောက်ခံခဲ့ကြတယ်။ စစ်တပ်က မျက်နှာလိုက်လေလေ ဦးနုက ပြည်သူတွေရဲ့ ထောက်ခံမှုကို ပိုရလေလေ ဖြစ်လာခဲ့တယ်။ ဒီနေရာမှာ မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ ဦးကျော်ငြိမ်းရဲ့ စကားတခွန်း ရှိခဲ့တယ်။ “နိုင်လည်း .. နိုင်ရမယ်” “ရှုံးလည်း ... နိုင်ရမယ်" ဆိုတာပါပဲ။ သူ ပြောချင်တဲ့ ဆိုလိုရင်းက သူတို့ဟာ ရွေးကောက်ပွဲမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နိုင်မှာပဲ။ ဘာကြောင့်လို့လည်း ဆိုတော့ သူတို့ဘက်မှာ စစ်တပ် ထောက်ခံမှု ရထားလို့ပဲ ဖြစ်တယ်။ သူ အဲဒီလို ပြောပြီးတဲ့နောက်  ပြည်သူလူထုဟာ သူတို့အပေါ် ပိုလို့ မနှစ်မြို့တော့ဘဲ ဦးနုဘက်ကို ထောက်ခံခဲ့ကြတယ်။ ဒါကြောင့် ၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုဟာ တပြည်လုံးအတိုင်းအတာနဲ့ အောင်ပွဲခံနိုင်ခဲ့တော့တယ်။ အခြားတဖက်မှာတော့ လက်နက်ကိုင် ပုန်ကန်ခြားနားသူတွေက တိုင်းပြည်ရဲ့ ကျေးလက်ဒေသတွေကို သိမ်းပိုက်စိုးမိုးထားကြတယ်။ အဲဒီလက်နက်ကိုင် ပုန်ကန်သူတွေဟာ အဓိကအားဖြင့် သခင်စိုး ခေါင်းဆောင်တဲ့ အလံနီ၊ သခင်သန်းထွန်း ဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဗိုလ်အုန်းတင် ဦးဆောင်တဲ့   ပြည်သူစောင့်တပ် (PVO) စတဲ့ ပါတီသုံးဖွဲ့တို့ပဲ ဖြစ်တယ်။ သူတို့ဟာ ပခုက္ကူ(ယော)နားက တောတွင်း တနေရာမှာ ရှည်လျားတဲ့ ညီလာခံတရပ် ကျင်းပခဲ့ကြတယ်။ ပြည်စောင့်တပ် (PVO) အဖွဲ့ဟာ ပြည်သူ့ရဲဘော်ပါတီ ( People's Comrade Party) အဖြစ် အမည်ပြောင်းခဲ့တယ်။ နောက်တော့ အဲဒီပါတီဟာ ၁၉၅၈ ခုနှစ်မှာ လက်နက်ချခဲ့ကြတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူလို့ အစိုးရတပ်တွေဟာ ၁၉၅၆ ခုနှစ်မှာ စစ်သူရဲကောင်း ဗိုလ်ချုပ်ကျော်ဇောကို ဦးစီးစေပြီး အောင်မာဃလို့ အမည်ပေးထားခဲ့တဲ့ အလွန်ကြီးမားတဲ့ စစ်ဆင်ရေးကြီးတရပ်ကို ဆင်နွဲခဲ့ကြတယ်။ ဒါပေမယ့် အောင်မာဃစစ်ဆင်ရေး မအောင်မြင်ခဲ့ဘူး။ အစိုးရက စစ်ဆင်ရေးကြီး မအောင်မြင်တာ  ဗိုလ်ချုပ်ကျော်ဇောထံက သတင်းပေါက်ကြားတာကြောင့်လို့ အကြောင်းပြပြီး သူတို့ဟာ ဗိုလ်ချုပ်ကျော်ဇောကို ဖိအားပေးပြီး အနားယူခိုင်းခဲ့တာမို့ သူ့ရဲ့ စစ်တာဝန်နဲ့ စစ်မှုထမ်းဘဝ အဲဒီနေရာမှာ အဆုံးသတ်သွားခဲ့တယ်။ စစ်ခုံရုံးမှာ အထောက်အထားမပြနိုင်ဘဲ့ သူတို့ရဲ့ စွပ်စွဲချက်ကို လူအများစုက လက်မခံခဲ့ကြပါဘူး။ ဆိုရှယ်လစ်အုပ်စုရဲ့ အာဏာအလွဲသုံးစားမှုဟာ ပိုလို့ထင်ရှားလာခဲ့ပြီး သူတို့ဟာ ပြည်သူတွေအပေါ် ပိုမိုခက်ထန်ကြမ်းတမ်းလာခဲ့တော့တယ်။ သူတို့ဟာ လူတွေကို အိမ်တွေထဲက အတင်းအကျပ်  မောင်းထုတ်ခဲ့ပြီး ရွာတွေကို မီးတိုက်ခဲ့ကြတယ်။ သူတို့ဟာ ပါလီမန်ကိုတောင် ဂရုမစိုက်ခဲ့တော့ပါဘူး။ ဥပမာတခုကို ပြရရင် ချောက်မြို့မှာ အခြေစိုက်ထားတဲ့ တပ်ရင်း (၁၀) ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီးကြည်ဝင်းဟာ ပါတီသုံးခုက ခေါင်းဆောင်တွေကို ဖမ်းဆီးပေးနိုင်သူကို ဆုငွေချီးမြှင့်ဖို့ အမိန့်ကို ထုတ်ပြန်ခဲ့တယ်။ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ သခင်စိုး၊ သခင်သန်းထွန်း၊ ဗိုလ်အုန်းတင်တို့ကို ဖမ်းမိရင် ကျပ်ငွေ ၁ သိန်းစီ၊ ပေါလစ်ဗျူရိုအမှုဆောင်တွေကို ကျပ်ငွေ ၅ သောင်းနဲ့ ဗဟိုကော်မတီဝင်တွေကို ဖမ်းနိုင်ရင် ကျပ်ငွေ ၂ သောင်းစီ ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ကာနယ်ကြည်ဝင်းဟာ အဲဒီအမိန့်ကို ပါလီမန်က ဥပဒေတရပ်အဖြစ် မပြုခင်က ကြိုတင်အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဘာကြောင့်လို့လဲဆိုတော့ ဆိုရှယ်လစ်အုပ်စုရဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေနဲ့ သူက မိန်းမ အတူလိုက်စားဖက်တွေဆိုတော့ ဒီသတင်းကို ကာနယ်ကြည်ဝင်းက ကြိုသိခဲ့တယ်လေ။ ပါလီမန်အတွင်းမှာလည်း အဲဒီ အာဏာအလွဲသုံးစားပြုမှုကို ဆိုရှယ်လစ်လက်ဝဲယိမ်းအုပ်စု အတိုက်အခံတွေက အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။ အောင်မာဃ စစ်ဆင်ရေး ကျဆုံးရတဲ့အကြောင်းကို ဗိုလ်အုန်းတင်ဆီက ကျနော် သိခွင့်ရခဲ့ပါတယ်။ သူ ပြောပုံအရဆိုရင် သုံးပါတီညီလာခံကို ရွှေ့ဆိုင်းခဲ့ပေမယ့် အဝေးကြီးကို မဆုတ်ခွာခဲ့ကြပါဘူးတဲ့။ သူတို့  စခန်းချထားတဲ့နောက်က သူတို့ အရင်စခန်းဟောင်းဆီကို ပြန်တက်လာခဲ့ကြသတဲ့။ အစိုးရစစ်တပ် ရောက်လာတာကို ဘယ်လိုလုပ်သိတာလဲလို့ ကျနော်က မေးလိုက်တဲ့အခါ သူက ရယ်မောလိုက်ရင်း ရန်သူတပ်တွေ ရောက်လာရင် နီးလာရင် တောထဲက မျောက်တွေ သမင် ဒရယ်တွေ၊ တောခွေးတွေ၊  မြေခွေးတွေ ကျေးငှက်တွေ စတဲ့ တောရိုင်းတိရစ္ဆာန်တွေက ဆူဆူညံညံနဲ့ အသံပေးလာတော့  တောအုပ်ပတ်ဝန်းကျင်တခုလုံး သိကြတော့တာပေါ့လို့ ပြန်ဖြေပါတယ်။   အစိုးရတပ်တွေ ကင်းလှည့်ပြီး ပြန်သွားတော့ သူတို့နဲ့ မိုင်အနည်းငယ်လောက် ဘေးတိုက်သွားပြီးရင် ငါတို့က စစ်တပ်ရဲ့နောက်က စခန်းကို ပြန်ရောက်တော့တာပါပဲလို့ ပြောပြပါတယ်။ ဒီနေရာမှာ အလွန်ဝမ်းနည်းစရာကောင်းပြီး လူမဆန်တဲ့ ကြေကွဲစရာ အဖြစ်အပျက် တခုကို အစိုးရစစ်တပ်က အရာရှိတဦးက ကျူးလွန်ခဲ့တယ်။ သူဟာ အင်္ဂလိပ် အုပ်စိုးမှုအောက်မှာ ကန္ဒီစာချုပ်အရ လက်ယာဖရီးမင်း သဘောတူညီချက်နဲ့ ပြန်လည်ဖွဲ့စည်းရတဲ့ ဗမာ့ကာကွယ်ရေးတပ်မတော်ရဲ့ အရာရှိ ၂၀၀ ထဲက အနားယူသွားတဲ့ ဗိုလ်မှူးဟောင်းတဦး ဖြစ်ပါတယ်။ အဲဒီအရာရှိက ဒီလိုပြန်ပြောပြခဲ့ပါတယ် … “တပ်ဖွဲ့ခေါင်းဆောင်တယောက်အနေနဲ့ ကျနော်ဟာ သုံးပါတီ ဌာနချုပ်စခန်းထဲက အစည်းအဝေးခန်းမကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရပါတယ်။ သခင်သန်းထွန်းက အစောပိုင်းကတည်းက ထွက်ခွာသွားပါပြီ။ ဗိုလ်အုန်းတင်လည်း ထွက်ခွာသွားပါပြီ။ စခန်းကို အလျင်စလိုနဲ့ နောက်ဆုံး စွန့်ခွာသွားတဲ့သူက သခင်စိုးပါ။ ဒါကြောင့် သူရဲ့ စာကြည့်မျက်မှန်နဲ့ သူ ဖတ်နေတဲ့ စာအုပ်တွေကို ကျနော် သိမ်းဆည်းရမိခဲ့တယ်။ တပ်ရင်းဌာနချုပ်က အဲဒီသိမ်းဆည်းရပစ္စည်းတွေကို ဓာတ်ပုံရိုက် ပုံကြီးချဲ့ပြီး သတင်းစာထဲကမှာ အောင်ပွဲအကြီးအကျယ် ရလိုက်သလို ကြွားဝါရေးသား ဝါဒဖြန့်ချိခဲ့ကြပါတယ်။ အဲဒီနောက် တပ်ရင်းမှူး ကာနယ်ကြည်ဝင်းဟာ ရေစီးနေတဲ့ စမ်းချောင်းကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲပြီး ဖျက်လိုက်ဖို့ ကြေးနန်းနဲ့ ညွှန်ကြားခဲ့တယ်။ ရေပြတ်သွားအောင် ရေမစီးတော့အောင် လုပ်တဲ့သဘောပါပဲ။ ကျနော့်စစ်မှုထမ်းဘဝမှာ ဒီအလုပ်ဟာ ကြေကွဲဝမ်းနည်းစရာအကောင်းဆုံး အလုပ်ပါပဲ။ ပခုက္ကူလို အပူပိုင်းဇုန်ထဲက အရပ်ဒေသမှာ ရေဆိုတာ တန်ဖိုးကြီးတဲ့ ရှားပါးပစ္စည်း ဖြစ်တယ်။ အဲဒီစမ်းချောင်းလေးဟာ အနီးနားဝန်းကျင် ဒေသခံတွေအတွက် သောက်သုံးရေ ရရှိနိုင်စေတဲ့ တခုတည်းသော ရေအရင်းအမြစ်တခု  ဖြစ်ပါတယ်။ အဲဒီလို လူထုကို ဒုက္ခဆင်းရဲရောက်စေတဲ့ အဖျက်လုပ်ငန်းတွေကို ရက်ရက်စက်စက် လုပ်ခဲ့ကြတော့ ပြည်သူတွေက ကျနော်တို့ကို စစ်တပ်၊ တပ်မတော်သားလို့တောင် မခေါ်ခဲ့ကြဘဲ့ ရန်သူလို့ ခေါ်ခဲ့ကြတာပေါ့ဗျာ။ ဒါတွေဟာ တည်မြဲဖဆပလအဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌလည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးဘဆွေနဲ့ သူ့ရဲ့မိန်းမအတူတူလိုက်စားဖက် တပ်ရင်းမှူးကာနယ်ကြည်လှိုင်တို့ရဲ့ လူထုဆန့်ကျင်ရေး အဖျက်လုပ်ငန်းစဉ် လက်ရာ ခြေရာ လမ်းကြောင်းတွေပါပဲ။ အဲဒီဖြစ်စဉ်ဇာတ်ကြောင်းတွေကို ပြောပြတဲ့ ဗိုလ်မှူးဆိုတာ တခြားသူ မဟုတ်ပါဘူ။ သူကတော့ နိုင်ငံတော်သမ္မတ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စန်းယုနဲ့ တပတ်စဉ်တည်း ဆင်းခဲ့ပြီး၊ စက်မှု (၁) ဝန်ကြီးဌာနလက်အောက်က စားသောက်ကုန်လုပ်ငန်းရဲ့ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်၊ စာရေးသူရဲ့အရင် အထက်အရာရှိတဦးဖြစ်သူပါပဲ။ လော့ဒ်တဲန်နီဆမ်ရဲ့ နာမည်ကျော် “ချောင်းကလေး" လို့ အမည်ရတဲ့ ကဗျာထဲကလိုပါပဲ.. “လာတဲ့သူလာ.. သွားတဲ့သူ သွားနေကြပေမယ့် ငါကတော့ အမြဲစီးဆင်းနေပါတယ်"။ ၁၉၅၃ ရန်ကုန်ကျောင်းသားသပိတ် ပြီးတဲ့နောက် အဲဒီကာလအတွင်းမှာ ကျောင်းသား လှုပ်ရှားမှုတွေ ပိုမိုပျံ့နှံ့တိုးပွားလာခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာ ၇ တန်း ရေး ဖြေ စာမေးပွဲကိစ္စပေါ် အခြေခံပြီး ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အရေးအခင်းတခုမှာ ဟယ်ရီတန်လို့ အမည်ရတဲ့ ကျောင်းသားတယောက် ရဲတွေက ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ဆန်မှန်ပြီး သေဆုံးခဲ့ရတယ်။ အဲဒီမှာ တနိုင်ငံလုံး မကျေမနပ်ဖြစ်ပြီး ဆန့်ကျင်လာကြတယ်။ ဦးနုက ၇ တန်း ကျောင်းသူ ကျောင်းသားအားလုံးကို မဖြေဆိုရဘဲ အောင်မြင်ကြောင်း ရေဒီယိုကနေ ကြေညာခဲ့တယ်။ ဒါပေမယ့် သူဟာ ၁၉၅၇ ခုနှစ်မှာတော့ တနိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းခဲ့ပြီး ကျောင်းသားခေါင်းဆောင်တွေကို ကျောင်းကနေ ထုတ်ပယ်ခဲ့ပြန်တယ်။ ဦးနုမှာ ခံယူချက် မူဝါဒ ခိုင်ခိုင်မာမာ မရှိတဲ့အပြင် တည်ငြိမ်မှုလည်း မရှိပါဘူး။ သူဟာ ပြည်တွင်းစစ်ကြီးမဖြစ်အောင် တားနိုင်ခဲ့ပေမယ့် ဖဆပလ နှစ်ခြမ်း မကွဲအောင်လည်း မတားဆီးနိုင်ခဲ့ပါဘူး။ သူဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းခွင့်ဥပဒေကို အတည်ပြုပေးခဲ့ပါတယ်။ သူ့ကို နိုင်ငံရေးနယ်ထဲ ပြန်ဝင်ဆန့်လာအောင် ဆွဲခေါ်ခဲ့သူ နှစ်ဦးအနက် ဗိုလ်ချုပ်အောင်ဆန်းက လုပ်ကြံခံခဲ့ရပြီး နောက်တဦးဖြစ်တဲ့ သခင်သန်းထွန်းကတော့  မြေအောက်တော်လှန်ရေးဆီ ရောက်သွားအောင် တွန်းပို့ခံခဲ့ရတယ်။ ဒီတော့ သူ အင်မတန် ခုံမင်တဲ့ ဆဋ္ဌမသင်္ဂါယနာတင်ပွဲ ဒါယကာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ အာဏာပလ္လင်ပေါ်မှာ သူသာလျှင် စီနီယာအကျဆုံး သက်တမ်းအရင့်ဆုံး ခေါင်းဆောင်အဖြစ် ကျန်ရစ်တော့တာပေါ့။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၅၅ ငြိမ်းချမ်းရေး အစီအမံ စာတမ်းကို ကြေညာခဲ့ပြီး နောင်မှာ လက်နက်ချ အလင်းဝင်ခဲ့ပြီး မောင်စူးစမ်း နာမည်နဲ့ ကျော်ကြားတဲ့ စာရေးဆရာတယောက် ဖြစ်လာမယ့် ဦးချမ်းအေးကို အစိုးရနဲ့ ညှိနှိုင်းဖို့ စေလွှတ်ခဲ့တယ်။ ဦးနုဟာ သူ့သဘာဝအတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို  ငြင်းပယ်ခဲ့တယ်။  ပြောခဲ့တဲ့အတိုင်း သူဟာ အခြေအနေ အကျပ်အတည်းတွေကို မကိုင်တွယ်နိုင်ပါဘူး။ နိုင်ငံရေး ကမောက်ကမ ဖြစ်စဉ်ကြီးကတော့ တစတစ ကြီးထွားလာရင်း မုန်တိုင်းတခုလို အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်လာခဲ့ပါပြီ။ အရင်ကရှိတဲ့ ပြဿနာဟောင်းကိုတောင် မဖြေရှင်းရသေးချိန်မှာ နောက်ထပ် ပြဿနာအသစ်တခု ပေါ်ထွက်လာခဲ့ပါတယ်။ ရှမ်းပြည်နယ်က စော်ဘွား ၃၃ ဦးဟာ ၁၉၅၈ ခုနှစ်မှာ သူတို့ရဲ့ ရိုးရာအစဉ်အလာ ဓလေ့အရ ဆက်ခံရမယ့် စော်ဘွားအရိုက်အရာ အဆောင်အယောင်တွေကို မဖြစ်မနေ စွန့်လွှတ်ရတော့မှာပါ။ ဒါဟာ ပင်လုံစာချုပ် သဘောတူညီချက် ဖြစ်ပြီး အခုဆို ချုပ်ဆိုခဲ့တာ ၁၀ နှစ်တင်းတင်း  ပြည့်ခဲ့ပါပြီ။ ဦးနုဟာ တိုင်းရင်းသား လူမျိုးငယ်စုတွေနဲ့  တွေ့ဆုံညှိနှိုင်းဖို့ ညီလာခံတွေ စီစဉ်ပေးခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီချက် မရရှိခဲ့ပါဘူး။ တချိန်တည်းမှာပဲ တခြားပြဿနာသစ်တွေ ပေါ်ထွက်လာပြန်ပါတယ်။ တရုတ်နိုင်ငံက ကချင်ပြည်နယ်ထဲက ဖိမော၊ ဂေါလံ၊ ကန်ဖန် ဆိုတဲ့ ရွာသုံးရွာကို ပြန်ရဖို့ တောင်းဆိုလာသလို၊ ဖက်ဒရယ်လား၊ ခွဲထွက်ရေးလား၊  ပြည်ထောင်စုအစိုးရလား၊ ဗဟိုအစိုးရလား ဆိုတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အတိုက်အခံတွေထဲမှာ အင်အားအကြီးဆုံးက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖြစ်ပါတယ်။ မကျေလည်မှုတွေ  ပြင်းထန်လာတော့ ကချင်အဖွဲ့ဟာ ၁၉၆၀ မှာ တောခိုပြီး လက်နက်ကိုင်တော်လှန်ခဲ့ကြတယ်။ တိုက်ပွဲတွေဟာ တိုပွားပြင်းထန်လာပြီး ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်အထိ ကူးစက်ရုံမက ဖက်ဒရယ် သို့မဟုတ် အပြီးတိုင် ခွဲထွက်ရေးဆီ ဦးတည်တဲ့ အမျိုးသားရေးပြဿနာအသွင် ဆောင်လာခဲ့ပါတော့တယ်။ အပိုင်း (၁၅) ဆက်ရန် ...... မင်းကောင်းချစ်
4 years Ago
Up