ဗန်းမော်ဆေးရုံ

April 15, 2021

ဗန်းမော်ဆေးရုံမှ CDM ဆရာဝန် ၄ ဦးကို စစ်ကောင်စီက အမှုဖွင့်ပြီး ၁ ဦးကို ခဏဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျတဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုပါဝင်သူ အထူးကု ဆရာဝန် ၄ ယောက်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ  ၅၀၅ (က)နဲ့ အမှုဖွင့်လိုက်ပြီး မြို့ခံ တခြားဆရာဝန် ၁ ယောက်ကို ခဏဖမ်းဆီးလိုက်ပါတယ်။

ဧပြီ ၁၄ ရက် မနေ့မနက် ၁၁ နာရီလောက်က   ဗန်းမော်မြို့ရှိ Ocean Mobile Mart ပိုင်ရှင် ဒေါက်တာအောင်ပြည့်စုံကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာလာရောက်အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ သူတို့ဖမ်းဆီးချင်တဲ့သူ မဟုတ်ဘူးဆိုပြီး ဒေါက်တာအောင်ပြည့်စုံကို ပြန်လွှတ်ပေးခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေထံက သိရှိရပါတယ်။

ဗန်းမော်ဆေးရုံက အထူးကုဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းဝင်း၊ ဒေါက်တာဂမ်မင်းထက်၊ ဒေါက်တာလျန်လင်းထွေးနဲ့ ဒေါက်တာဗညားတို့ဟာ CDM လှုံ့ဆော် ကိုယ်တိုင်ပါဝင်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့  ဒီကနေ့ထုတ် စစ်ကောင်စီရဲ့ အာဘော် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဗန်းမော်ခရိုင်မှာ စစ်အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန် CDM လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေကို စစ်အုပ်စုက လိုက်လံဖမ်းဆီး ခြိမ်းခြောက်ဖိအားပေးမှုတွေ မျိုးစုံလုပ်နေတာကြောင့် CDM ဝန်ထမ်းအများစုက တိမ်းရှောင်နေကြရပါတယ်။

4 weeks Ago

July 2, 2020

ကိုဗစ်-၁၉ လူနာအမှတ်၂၄၉ ဗန်းမော်ဆေးရုံမှ ဆင်းခွင့်ရ 

ကချင်ပြည်နယ်၊ ဗန်းမော်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေတဲ့ ကချင်ပြည်နယ်ရဲ့ ဒုတိယမြောက် ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးဟာ  ဆေးရုံတက်ပြီး ၂၁ ရက်အတွင်း ၂ ကြိမ်ဆက်တိုက်ပိုးမတွေ့တာကြောင့်  ဇူလိုင် ၂ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ရှိခဲ့ပါတယ်။ မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဦးစမ်းနိုင်က "ပိုးမတွေ့ ၂ ကြိမ် အဖြေထွက်ပြီးတော့ ဆေးရုံဆင်းခွင့်ရှိတဲ့အတွက် နေ့လယ် ၁၂ နာရီမှာ ဗန်းမော်ဆေးရုံကြီးကနေ ကျနော်တို့ မိုးမောက်မြို့နယ်က ကျန်းမာရေးဌာနနဲ့အတူ သက်ဆိုင်ရာက ကားနဲ့သွားရောက်ကြိုခဲ့ပါတယ်။ အခုမိုးမောက်ဆေးရုံကြီးရဲ့ Isolation ward မှာ ၁၄ ရက် ထပ်မံထားရှိပြီး ကျန်းမာရေးထပ်မံ စောင့်ကြည့် ဦးမှာပါ”လို့ ပြောပါတယ်။ လူနာအမှတ်- ၂၄၉ ဟာ လွယ်ဂျယ်မြို့နယ် ဝိန်ခမ်းကျေးရွာမှာတာဝန်ကျ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး ဇွန် ၁၁ ရက်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိလို့  ဗန်းမော်ဆေးရုံမှာတက် ဆေးကုသမှုခံယူခဲ့ရတာပါ။  ကချင်ပြည်နယ်မှာတွေ့ရှိတဲ့  ကိုဗစ်-၁၉ လူနာအမှတ် ၁၄၄ နဲ့ ၂၄၉ တို့ဟာ ရောဂါဘယ်သူ့ဆီက ကူးလာမှန်းမသိရသလို သူတို့နဲ့ ထိတွေ့ဆက်စပ်သူ အားလုံးကို စစ်ဆေးရာမှာလည်း တစ်ဦး တစ်ယောက်ကိုမှ ရောဂါ ကူးစက်မှုမရှိဘူးလို့ သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
10 months Ago
Up