ဗန်းမောက်

September 20, 2022

ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီလေတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ မံစီဒေသ အနောက်တောရွာနဲ့ နမ့်တောင်ရွာကြားကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တဲ့နေရာနဲ့ အနီးနားက ကျေးရွာနေ ပြည်သူတွေလည်း တိမ်းရှောင်နေရပါတယ်။

ဗန်းမောက်မြို့နယ်နေ ပြည်သူ တဦးက “နမ်းတောရွာနားမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတချို့ ပြေးနေရတယ်ဆိုပြီးတော့ ဖုန်းဆက်တယ်၊ အနောက်တောရွာကို ဆက်သွယ်ကြည့်တော့ဟုတ်တယ်တဲ့။ သေချာတာက အနောက်တောရွာနဲ့ နမ့်တောင်ကြားမှာဖြစ်တဦ အဲနှစ်ရွာက သိပ်မဝေးဘူး”လို့ ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု အခြေအနေနဲ့ပတ်သက်လို့  ဗန်းမောက် ပ.အ.ဖ ကိုဆက်သွယ်မေးမြန်းကြည့်တဲအခါ ဗုံးကြဲတိုက်ခိုက်တာရှိပေမဲ့ ထိခိုက်မှုရှိမရှိ  အသေးစိတ်မသိရသေးလို့ စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။

“လေယာဉ်နဲ့ လာတိုက်တာဟုတ်တယ်။ အခုကျနော်တို့လည်း အဲဘက်ကို ဆက်သွယ်နေတယ်။ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရဖြစ်နေတာ။ ကျနော်တို့ အထင်တော့ သူတို့(စကစ)က PDFတွေရှိတယ်ထင်လို့ လာကြဲတာနေမှာပါ။”

ပြီးခဲ့တဲ့လကလည်း ဗန်းမောက်မြို့နယ်တောင်ပိုင်း မှတ်တရာဘက်မှာ စစ်ကောင်စီတပ်က  လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

2 weeks Ago

September 19, 2022

ဗန်းမောက်မြို့နယ်၌ KIA၊ PDF ပူး‌ပေါင်းတပ်နှင့် SNA တပ်တို့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ကျောက်ဆည်ရွာအနီး တကြိမ်နဲ့ ညနေပိုင်းမှာ နောင်ပါတ်ကျေးရွာအနီး တကြိမ် တရက်တည်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က သာလွန်အင်အား နဲ့ တိုက်ခိုက်နေကြတာဖြစ်ပြီး ဗန်းမောက်မြို့နယ် အနောက်ပိုင်း ကျောက်ဆည်ကျေးရွာအနီးမှာလည်း နေ့လယ်ပိုင်း တိုက်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"PDF ဘက်က အင်အားအ‌ တော်များတယ်၊ ထိခိုက်ကျဆုံးအ‌ခြေအနေက‌တော့ မသိရသေးဘူး။ ဒီနေ့ နောင်ပတ်ရွာနားမှာတပွဲ၊ ကျောက်ဆည်ရွာနားမှာတပွဲ၊ တရက်တည်း နှစ်ပွဲဖြစ်တာ။ တိုက်ပွဲက ဆက်မယ့် အနေအထားရှိလို့ အနီးနားကရွာတွေ ဘေးလွတ်ရာရှောင်ဖို့ ပြင်ဆင်နေကြပြီ၊ တချို့လည်း ပြေးကုန်ကြပြီ။ ဗန်းမောက်နယ် တောင်ပိုင်းကလည်း တချို့ပြေးကုန်ကြပြီ" လို့ တိုက်ပွဲနဲ့နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။

နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

တိုက်ပွဲဖြစ်ပွားရာ ဒေသဘက်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် အခြေအနေသိရှိနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်ဆည်ရွာအနီးရှိ ကျေးရွာတချို့မှာလည်း နှစ်ဖက်တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေကြပြီး တိုက်ပွဲဖြစ်ပွားလာမှာ စိုးရိမ်နေကြပါတယ်။

လူအင်အားဖြည်တင်းနိုင်ဖို့ တပ်သားသစ်စုဆောင်း ခေါ်ယူတာတွေရှိနေတယ်လို့ နှစ်ဖွဲ့လုံးက တဖက်နဲ့ တဖက် လူမှုကွန်ရက် အွန်လိုင်းစာမျက်နှာပေါ်မှာ စွပ်စွဲပြောဆိုနေကြပါတယ်။

2 weeks Ago
More News
Up