မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒွန်နီဗန်ဒီဘိခ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ ယူနိုက်တက်နည်းပြဟောင်း လူးဝစ္စဗန်ဟားက ပြောပါတယ်။
ဗန်ဒီဘိခ်ဟာ အိုင်းယတ်ဇ်အသင်းနဲ့အတူ အလားအလာကောင်းတဲ့ ဗဟိုကွင်းလယ်လူ တစ်ဦးအဖြစ် ထွန်းတောက်လာခဲ့သူဖြစ်ပြီး သူ့ခြေစွမ်းကြောင့် အခုနှစ် စက်တင်ဘာလမှာ ဆိုးလ်ရှားက ယူနိုက်တက်အသင်းဆီ ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ဆိုးလ်ရှား လက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ၂ ကြိမ်သာ ရှိထားပါတယ်။
သူ့ရဲ့ပွဲကစားချိန်အများစုကိုလည်း လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရရှိထားတာ ဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ ဒီဇင်ဘာအစပိုင်း ဝက်စ်ဟမ်းနဲ့ပွဲမှာ ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိခဲ့ပေမယ့်လည်း ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။ သူ့ကို လူစားလဲချိန်မှာ ယူနိုက်တက်အသင်းဟာ ၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပေမဲ့ လူစားလဲပြီး ဒုတိယပိုင်းမှာတော့ ၃ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ ဗန်ဒီဘိခ်အနေနဲ့ ဒီလိုရုန်းကန်ရမယ်ဆိုတာကို ကြိုတင် ခန့်မှန်းမိခဲ့တယ်လို့ ဗန်ဟားက ပြောပါတယ်။
ဒါပေမဲ့ ကစားသမားအတွက် အသင်းနဲ့ ပိုပြီးအံဝင်ခွင်ကျ ဖြစ်လာမယ့်အချိန်လည်း ရောက်ရှိလာမယ်လို့ သူက ယုံကြည်နေပါတယ်။
ယူနိုက်တက်နည်းပြဟောင်းက ဗန်ဟားက “ဒီလို ဖြစ်လာမယ်လို့ ကျနော် ထင်ခဲ့ပါတယ်။ ဒွန်နီအနေနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ မထင်ပါဘူး။ ခင်ဗျားအနေနဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို ပိုင်ဆိုင်ထားတယ်ဆိုရင် ဗန်ဒီဘိခ်ကို ဘယ်နေရာမှာ သွားသုံးမလဲ။ သူဟာ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့လို ကွာတလီမျိုးရှိတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ အနေအထားအရ ပေါ့ဘာတောင် တခါတလေမှ ပွဲထွက်ခွင့်ရနေတာကို ဗန်ဒီဘိခ်ဆို ဘယ်လို ဖြစ်လာမလဲ။ ခင်ဗျားလည်း ဒါကို အရင်ကတည်းက ကြိုမြင်နိုင်မယ် ထင်ပါတယ်။ သူ့အတွက် ပိုကောင်းလာနိုင်တဲ့ ထိပ်သီးအဆင့်အသင်းတွေ အများကြီးကို ရွေးချယ်စရာရှိခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပါ” လို့ တနိုင်ငံတည်းသား ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး ပြောပါတယ်။
ကွင်းလယ်ကစားသမားဟာ အသင်းမှာ ရုန်းကန်နေရပေမယ့် သူ့ရဲ့ ယူနိုက်တက်က ကစားသမားဘဝဟာ အစပိုင်းမှာပဲ ရှိပါသေးတယ်။
ဗန်ဒီဘိခ်မတိုင်ခင် ကစားသမားတွေဟာလည်း ပရီးမီးယားလိဂ်ကို ရောက်လာလာချင်းမှာ ရုန်းကန်ခဲ့ရတာမျိုး ရှိခဲ့ပြီး နောင်လာမယ့် ပွဲကြပ်ကာလက သူ့အတွက် ပွဲကစားခွင့်ရရှိဖို့ အခွင့်အရေးဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနှစ်မကုန်ခင် ၅ ပွဲ ကစားရဖို့ရှိနေတာ ဖြစ်ပြီး ဒီကာလမှာ ဆိုးလ်ရှားအနေနဲ့ အလှည့်ကျစနစ်ကို မဖြစ်မနေ အသုံးပြုရမှာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ဗန်ဒီဘိခ်နေနဲ့ ပွဲကစားခွင့်တွေ ရရှိလာနိုင်ပြီး ပွဲထွက်ခွင့်အတွက် ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသရမှာ ဖြစ်ပါတယ်။
1 month Ago