ဗန်ဒိုက်

May 2, 2019

ဆုဖလားများ လက်လွှတ်ရပါကလည်း ဆက်ကြိုးစားမည်ဟု ဗန်ဒိုက် ပြော

ဆုဖလားတွေကို လက်လွှတ်လိုက်ရမယ်ဆိုရင်လည်း ဆက်ပြီး ကြိုးစားသွားမယ်လို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေ ရယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ လက်ကျန်နှစ်ပွဲအလိုမှာ မန်စီးတီးက တမှတ်အသာနဲ့ ဦးဆောင်နေတာပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဖလားတလုံး လက်လွှတ်ရဖို့ များသွားခဲ့ပါပြီ။ ဆုဖလားနှစ်လုံး လက်လွှတ်ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အများကြီး တွေးမထားဘူးလို့ ဗန်ဒိုက်က ဆိုပါတယ်။ အခုနှစ်ဘောလုံးရာသီဟာ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ဆုဖလားတလုံးရယူဖို့ ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပေမယ့် မရခဲ့ရင်လည်း ကြိုးစားမှုကို ဆက်ထိန်းရုံပဲရှိတယ်လို့ ဗန်ဒိုက်က ပြောကြားသွားတာ ဖြစ်ပါတယ်။
3 years Ago

January 12, 2019

လီဗာပူးနည်းပြနှင့် ဗန်ဒိုက် ပရီးမီးယားလိဂ် တလတာ အကောင်းဆုံးဆုရရှိ

လီဗာပူးအသင်းနည်းပြ ဂျာဂျင်ကလော့ပ်နဲ့ နောက်ခံကစားသမား ဗန်ဒိုက်တို့ဟာ ဒီဇင်ဘာအတွက် ပရီးမီးယားလိဂ်တလတာ အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိခြေစွမ်းထက်မြက်မှုကို ပြသနိုင်ထားပေမယ့် နောက်ဆုံးနှစ်ပွဲဆက်အဖြစ် မန်စီးတီးအသင်းနဲ့ ဝုဗ်အသင်းတို့ကို ရှုံးနိမ့်ထားပါတယ်။ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်အတွက်တော့ ခံစစ်ပိုင်း ပြဿနာတွေရှိနေပေမယ့် နည်းပြကလော့ပ်ကတော့ စိုးရိမ်မှုမရှိဘူးလို့ ပြောကြားထားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဒီဇင်ဘာလအတွက် အကောင်းဆုံးဆုရခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လဟာ သူတို့အသင်းအတွက် တပွဲချင်းစီ အရေးပါခဲ့ကြောင်း၊ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိကြောင်း ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားအတွက်တော့ စိုးရိမ်ပူပန်နေတာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီးတော့ ရလဒ်ကောင်းတွေ စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ နောက်ပြီးတော့ အခုအချိန်ဟာ ပရီးမီးယားလိဂ်ဘယ်ပွဲကိုမဆို ၃ မှတ်အရယူနိုင်တယ်ဆိုတာပြသဖို့ အချိန်ရောက်ရှိနေပြီလို့ ဆိုပါတယ်။ လီဗာပူး အသင်းဟာ လက်ရှိမှာတော့ ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၁ နေရာမှာရပ်တည်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းကို ၄ မှတ်ဖြတ်ထားပါတယ်။
3 years Ago
Up