ဗန်ဂါး

A d v e r t i s e m e n t With Us

February 15, 2016

အာဆင်နယ်နှင့်ပွဲမတိုင်မီ မန်ယူနည်းပြကို ထုတ်ပယ်ဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီယားလိဂ်ပွဲ မတိုင်ခင် နည်းပြ လူးဝစ်ဗန်ဂါးကို ထုတ်ပယ်ပြီး မော်ရင်ဟိုကို ကမ်းလှမ်းဖွယ်ရှိတယ်လို့ ဗြိတိန်အခြေစိုက် သည်ဆန်းသတင်းရဲ့အဆိုကို ကိုးကားပြီး ဒေးလီးစတား သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မန်ယူအသင်းအုပ်ချုပ်သူ တာဝန်ရှိသူတွေဟာ အသင်းရဲ့ ဆိုးဝါးတဲ့ရလဒ်တွေကြောင့် သတိပေးခဲ့ကြတာဖြစ်ပြီး အခုလမကုန်ခင်မှာ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို ခေါ်ယူလိမ့်မယ်လို့ ဆိုပါတယ်။ မန်ယူအသင်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲဒီမတိုင်ခင် ယူရိုပါလိဂ်ပွဲအဖြစ် မစ်ဂီလန်းနဲ့ ၂ ကြိမ်ကစားရမှာဖြစ်သလို အက်ဖ်အေဖလား ပြိုင်ပွဲမှာတော့ ရှရူးစ်ဘာရီအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီအတွက် နည်းပြ ဗန်ဂါးအနေနဲ့ အိုးထရက်ဖို့ကွင်းမှာ အချိန် ၁၃ ရက်သာ နေရတော့မယ့် အခြေအနေ ဖြစ်နေတာပါ။ မန်ယူအသင်းအနေနဲ့ မော်ရင်ဟိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုထားခဲ့ပေမယ့် မော်ရင်ဟိုကတော့ သူ့မိတ်ဆွေတွေကို အလုပ်သစ်ရခဲ့ပြီလို့ ပြောဆိုခဲ့တာပါ။ မန်ယူနည်းပြ ဗန်ဂါးကတော့ သူ့နောက်ကွယ်မှာ လျှို့ဝှက်ဆက်သွယ် ဆွေးနွေးခဲ့တာတွေဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အတိအလင်း ၀န်ခံလိုက်ပါတယ်။ “ဒါတွေဟာ ကျနော်ပြောခဲ့သလိုပါပဲ။ တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ ဘောလုံးအားကစားလောကမှာ ဒါဟာ ဖြစ်နိုင်ချေရှိတယ်ဆိုတာ ကျနော်သိပါတယ်။ အက်ဒ်နဲ့ ဂလေဇာတို့နဲ့ ရင်းရင်းနှီးနှီး သိတဲ့အတွက် မကြာခင် ကျနော့်ကို ထုတ်ပြောလာကြမယ်လို့ ထင်ပါတယ်။” မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ ပဉ္စမမြောက်နေရာမှာ ရှိနေတာဖြစ်ပြီး သူ့အထက် မန်ချက်စတာစီးတီးအသင်းနောက် ၆ မှတ်အကွာမှာ ရှိနေတာပါ။
5 years Ago

ယူရိုပါလိဂ်ပြိုင်ပွဲသာ အသင်းအတွက် အကောင်းဆုံးမျှော်လင့်ချက်ဟု ဗန်ဂါး ပြော

လာမယ့် ယူရိုပါလိဂ်ပြိုင်ပွဲကိုသာ အသင်းအတွက် အကောင်းဆုံး မျှော်လင့်ချက် ဖြစ်တယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပွဲစဉ်မှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာက အသင်းနဲ့ ၆ မှတ် အကွာကို ရောက်ရှိသွားပါတယ်။ မန်ယူဟာ ဒီနှစ်ရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ထွက်ထားရပါတယ်။ ဒါကြောင့် လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ဒိန်းမတ်ကလပ် FC Midtjylland အသင်းနဲ့ ပထမအကျော့ ရှုံးထွက် ၃၂ သင်းအဆင့်ကို စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာလည်း အသင်းတွေက များတဲ့အတွက် သိပ်တော့ မလွယ်ကူဘူးလို့လည်း နည်းပြက ဆိုထားပါတယ်။ မန်ယူဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အတွက် အဆင့် ၄ နေရာမှာ ၀င်ရမှာ ဖြစ်ပါတယ်။ နည်းပြ ဗန်ဂါးကတော့ ရာသီအကုန်မှာ အဆင့် ၄ ၀င်ဖို့အတွက် တော်တော် ခက်ခဲသွားပြီလို့ ၀န်ခံထားပါတယ်။ ဒါပေမယ့် အဆင့် ၄ နေရာဝင်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
5 years Ago

January 29, 2016

ဒါဘီနှင့်ယှဉ်ပြိုင်မည့် အက်ဖ်အေဖလားပွဲ ရှုံးလျှင် အထုတ်ခံရနိုင်ဟု ဗန်ဂါး ပြော

ဒါဘီအသင်းနဲ့ ဇန်န၀ါရီ ၂၉ ရက်ညမှာ ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ရှုံးခဲ့ရင် အသင်းကနေ ၄ ကြိမ်မြောက်အဖြစ် အထုတ်ခံရနိုင်တယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောပါတယ်။ မီဒီယာတွေနဲ့ အကဲခတ်တွေရဲ့ ခန့်မှန်းချက်တွေအရ သူဟာ ဒီနှစ်ရာသီထဲမှာ ၃ ကြိမ်အထိ အထုတ်ခံခဲ့ရပြီးပြီလို့လည်း မန်ယူနည်းပြက ဆိုထားပါတယ်။ အသက် ၆၄ နှစ်အရွယ် ဒတ်ခ်ျနည်းပြဟာ ဆောက်သမ်တန်ကို ပြီးခဲ့တဲ့အပတ်ရှုံးတဲ့ ပွဲအပြီးမှာ အသင်းကနေ ထွက်ခွာဖို့ ခွင့်တောင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မန်ယူအသင်းဘက်ကတော့ ငြင်းဆိုထားပါတယ်။ မန်ယူအသင်းဟာ ဒီနှစ် ရာသီထဲမှာ ရလဒ်တွေ ဆိုးဝါးနေလို့ နည်းပြလည်း ဖိအောက်တွေအောက် ကျရောက်နေပါတယ်။ လောလောဆယ်မှာ မန်ယူဟာ အမှတ်ပေးဇယားထိပ်က လက်ဆက်စတာအသင်းရဲ့ နောက် ၁၀ မှတ်အကွာနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
More News
Up