ဗစ်တိုးရီးယားအမှု

December 18, 2020

ဂုဏ်သိက္ခာအတွက် ရဲတပ်ဖွဲ့ကိုတရားစွဲရခြင်းဖြစ်ဟု ကိုအောင်ကြီးပြော

ဂုဏ်သိက္ခာအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုတာဖြစ်တယ်လို့ ဗစ်တိုးရီးယားအမှုသံသယတရားခံ ယာဉ်မောင်း ကိုအောင်ကြီးက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ နေ့က အမှုကနေ တရားရှင်လွှတ်မြောက်ခဲ့တဲ့ ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကြီးက အခုလို ပြောတာပါ။ ကိုအောင်ကြီးအနေနဲ့ ဗစ်တိုးရီးယားအမှုမှာ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရတဲ့အတွက် လျော်ကြေးနဲ့ နစ်နာကြေး ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုထားတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကိုတရားစွဲဆိုရတာနဲ့ ပတ်သက်ပြီး ကိုအောင်ကျော်မိုး(ခ)အောင်ကြီးက “ ကျနော့်ဂုဏ်သိက္ခာတစ်ခုလုံး မိသားစုရဲ့ ဂုဏ်သိက္ခာတစ်ခုလုံးပေါ့ အဲဒါနဲ့ပတ်သက်ပြီးတော့ အခုလို အဘ(ရှေ့နေ)နဲ့ တိုင်ပင်ပြီးတော့ သားတို့ ဂုဏ်သိက္ခာပြန်ပြီးတော့ အဖတ်ဆယ်ဖို့အတွက် ပြန်လုပ်ပေးပါပေါ့။ ပြန်ကူညီပေးပါဆိုပြီး အကူအညီတောင်းတယ်။ အဘ(ရှေ့နေ)ကို လုပ်ခိုင်းတယ်ပေါ့။ အခု အဘ(ရှေ့နေ)ချပေး တဲ့ လမ်းစဉ်ကိုပဲ လိုက်တယ် ” လို့ ပြောပါတယ်။ ဒီအမှုကို ဒီဇင်ဘာလ ၈ ရက်နေ့က ဒက္ခိဏသီရိခရိုင်တရားကနေ တရားမကြီးအမှုအမှတ် ၃၁၂/၂၀၂၀ နဲ့ လက်ခံ လိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကို စတင်စိစစ်တာဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီ ၁၅ နေ့ကို ဒုတိယရုံးချိန်းအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ကို ဆင့်ခေါ်ထားတယ်လို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ “ ကျနော်တို့ကတော့ စွဲထားတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သူ့ရဲ့ ဦးစီးဦးဆောင်က ရဲချုပ်ဖြစ်လို့ ရဲချုပ်ကို ဆင့်တာ။ အဲတော့ သူကတော့ တစ်ယောက်ကို တာဝန်ပေးချင် ပေးမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူလာမယ်။ သူလာမယ့် နေ့က ဇန်နဝါရီ ၁၅ ရက်၊ ၁၅ ရက်နေ့ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆင့်စာရောက်သွားမှာပေါ့။ ငြင်းချက်သံမန်စာရောက်သွားတဲ့အခါ ဥပဒေအရ လုပ်ထုံးလုပ်နည်းအရကတော့ ဆင့်ခံရတဲ့ တရားပြိုင်က ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်သော်လည်းကောင်း၊ ရှေ့နေသော်လည်းကောင်း အဲဒီနေ့မှာ လာရမှာပေါ့။ လာ ပြီးတော့ သူ့သဘောထားကို တင်ပြရမယ်။ ချေပလွှာတစ်ခါတည်းပါချင်ပါတယ်။ မပါရင်လည်း နောက်ရုံးချိန်းမှာ ချေပလွှာတင်မယ်။ တကယ်လို့ လိုအပ်ရင် သူမေးချင်တဲ့ မေးခွန်းတွေရှိရင်လည်း မေးမယ်ပေါ့၊ မေးခွန်းလွှာတွေ ဘာတွေ တင်မှာပေါ့၊ အဲဒီနေ့ကတော့ ရောက်လာပြီးတော့ ချေလွှာတော့ ချက်ချင်းတင်လေ့မရှိပါဘူး ”လို့ ပြောပါတယ်။ အခုလို အစိုးရအဖွဲ့အစည်းတစ်ခုကို တရားစွဲဆိုတာမျိုးကို မဟာဗျုဟာမြောက် တရားစွဲဆိုမှုလို့ ခေါ်ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ မရှိသေးဘူးလို့ ရှေ့နေက ဆိုပါတယ်။
4 months Ago

December 8, 2020

ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကြီးက နစ်နာကြေး ကျပ် သိန်း ၅၀၀၀ ရလိုမှုဖြင့် ရဲတပ်ဖွဲ့ကို တရားစွဲ

ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးက နစ်နာကြေး ကျပ် သိန်း ၅၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ အမှုကို နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့အဆိုလွှာတင်သွင်းခဲ့တာဖြစ်ပြီး တရားရုံးက လက်ခံလိုက်ပြီး တရားမ ကြီးမှုအမှတ် ၃၁၂/၂၀၂၀ နဲ့လက်ခံကြားနာသွားမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါ တယ်။ “ သူ့ရဲ့ အမှုခေါင်းစဉ်အနေနဲ့ကတော့ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရတဲ့အတွက် နစ်နာကြေးငွေ ကျပ်သိန်း ငါးထောင် ရလိုမှုဆိုပြီး အဲလိုစွဲပါတယ်။ စွဲတော့ တာဝန်ရှိတဲ့သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးလို့ ယူဆတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးက စွဲပါတယ်။ အဲဒီမှာ ရဲချုပ်အနေနဲ့ အပြည့်အဝတာဝန်ယူနေတာ ကြီးကြပ်ကွပ်ကဲနေတာက ရဲချုပ်အောင်ဝင်းဦးဖြစ်တဲ့အတွက် သူ့ကို ရှေ့ကတပ်ပြီး စွဲပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ စွဲတာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး တစ်ခုလုံးကို စွဲတာပါ”လို့ တရားလို ရှေ့နေအဖြစ်ဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီဇင်ဘာ၁၈ ရက်နေ့မှ အဆိုလွှာကို စိစစ်ဖို့ ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။  “ ၁၈ ရက်နေ့ကတော့ အဆိုလွှာကို စိစစ်ဖို့ပေါ့။ ဒီပုံစံနဲ့ သွားလို့ရသလားပေါ့။ ပြင်ဖို့ လိုသလား မလိုဘူးလားပေါ့။ အဲဒါပြီး တော့မှ နောက်တစ်ချိန်းမှာ ငြင်းချက်သံမန်စာခေါ်တာပေါ့၊ ငြင်းချက်သံမန်စာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူ့ရဲ့အကြီးအကဲ ဖြစ်တဲ့ ရဲချုပ်ကို ငြင်းချက်သံမန်စာထုတ်ပါမယ်။ ရဲချုပ်ရောက်လာမှာ သူ့ဘက်က ချေလွှာတင်တာတို့ ဘာတို့ လုပ်မှာပေါ့ ” လို့ ရှေ့နေက ဆိုပါတယ်။ ဒီလိုအမှုမျိုးဟာ တရားစွဲဖို့ နှစ်လ ကြိုတင်အကြောင်းကြားရတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက အကြောင်းကြားထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ အခုလို အစိုးရအဖွဲ့ရဲ့ အဖွဲ့အစည်းတစ်ခုကို တရားစွဲဆိုတာဟာ မြန်မာနိုင်ငံမှာ  ရှားရှားပါးပါးဖြစ်ပါတယ်။ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေး ဗစ်တိုးရီးယားလိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ ပတ်သက်ပြီး  ယာဉ်မောင်းသမား ကိုအောင်ကြီးဟာ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကနေ ပြန်လွတ်လာခဲ့တာပါတယ်။ 
4 months Ago
More News
Up